တန်ခူးမည်မှတ်
ဖက်ဆွတ် ရေတိုး
သင်္ကြန်မိုး…။
အဲဒီ ရှေးကဗျာ စာချိုးလေးကို သတိရနေမိပါတယ်။
သင်္ကြန်ကာလ ရွာတဲ့ သင်္ကြန်မိုးဟာ စိုရုံဆွတ်ဖျန်းရုံလေးသာ ရေပါတယ်၊ ခဏတဖြုတ်သာ ရွာပြီး ခြေရာဖျောက်သွားတယ် ဆိုတဲ့ သဘောလို့ ယူဆရပါတယ်။
သင်္ကြန်မိုးကို သင်္ကြန် လက်ဆေးမိုးလို့လည်း ခေါ်ကြပါသေးတယ်။
လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ရိုက်ကူးပြသခဲ့ပြီး သင်္ကြန်ကာလတိုင်း ပြန်လည် ပြသနေရဆဲ ဖြစ်တဲ့ “သင်္ကြန်မိုး” ရုပ်ရှင်ကားထဲက ဇာတ်ဝင်တေး “သင်္ကြန်မိုး” သီချင်းထဲမှာ “လန်းဆန်းတဲ့ မိုးရယ် မိုးပြေးလေးရယ် ပိတောက်ပန်း ပွင့်ရုံ စိုရုံ ဖျန်းပက်ဦး…”လို့ ရေးဖွဲ့ထားတာကိုလည်း သတိရ ခံစားမိပါတယ်။
အဲဒီလို ပူလောင်ခြောက်သွေ့တဲ့ သင်္ကြန်ကာလဟာဖြင့် မိုးပါးရေရှားတဲ့ ရာသီ အခါသမယ ဖြစ်တယ်လို့လည်း နားလည်ရပါတယ်။
မြန်မာတို့ရဲ့ ၁၂ လရာသီ ပွဲတော်တွေထဲမှာ နှစ်သစ်ကူး အတာသင်္ကြန် ရေသဘင် ပွဲတော်ဟာ ပျော်ရွှင်ဖွယ်ရာ အကောင်းဆုံး ပွဲတော် တခု ဖြစ်တာနဲ့အညီ မြန်မာပြည်သူတွေကလည်း ရောက်လေရာ အရပ်ဒေသတွေမှာ ဆင်နွှဲလေ့ရှိကြပါတယ်။
အခုနှစ် သင်္ကြန်ကာလမှာတော့ ဆိုးဝါးတဲ့ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့ အပူဒဏ်နဲ့ သောက်သုံးရေ ရှားပါးမှုကို မြန်မာပြည် တဝန်း မြို့ကြီးတချို့ အပါအဝင် နေရာဒေသများစွာမှာ ကြုံတွေ့ ခံစားနေကြရပါတယ်။
ဒါကြောင့် အယ်လ်နီညို သင်္ကြန် လို့တောင် ဆိုသူတွေ ရှိပါတယ်။
ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရှင်တွေနဲ့ သတင်းမီဒီယာတွေရဲ့ သတင်း ဖော်ပြ မှုတွေ၊ သတိပေး ထုတ်ပြန်ချက်တွေရဲ့ အကျိုး သက်ရောက်မှုကြောင့်လားတော့ မသိပါ။
အပူဒဏ်ကြောင့် ဆိုးဆိုးဝါးဝါး အသက်အန္တရာယ် ဖြစ်ပွားတဲ့အထိ အခက်အခဲ ကြုံတွေ့မှုတွေကိုတော့ သိသိသာသာ မတွေ့ရှိရ သေးပါဘူး။
အခု ၂၀၁၅-၂၀၁၆ အယ်လ်နီညို ဖြစ်စဉ်ဟာ အရင် ၁၈ နှစ် ဖြစ်တဲ့ ၁၉၉၇-၁၉၉၈ ထက် စံချိန်ချိုးပြီး အားအကောင်းဆုံး ဖြစ်လို့ နွေကာလမှာ ကျန်းမာရေး၊ စိုက်ပျိုးရေး နဲ့ ရေရရှိရေးတို့ အတွက် အထူးသတိပြုဖို့လည်း ပညာရှင်တွေက စောစောပိုင်းကတည်းက ထုတ်ပြန် ပြောဆိုထားပါတယ်။
မွေးမြူရေး၊ ရေ လုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်း အယ်လ်နီညိုကြောင့် ရေကန်တွေ အရင်ထက်စောပြီး ခန်းခြောက်သွားကြောင်း၊ လက်ရှိ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးနီးပါး ရေရှားပါး ခက်ခဲမှု ကြုံနေရကြောင်း ပြောဆိုထားပါတယ်။
မြန်မာပြည်တဝန်းက သောက်သုံးရေ ရှားပါးတဲ့ နေရာဒေသ တချို့မှာ အလှူရှင်တွေက ရေလှူကြတဲ့ သတင်းတွေကိုလည်း မီဒီယာတွေမှာ နေ့စဉ်လိုလို တွေ့ရှိရပါတယ်။
သောက်သုံးရေ ရှားပါးမှုကတော့ ၂၀၁၅ ခုနှစ် အတွင်းမှာကတည်းက ကြုံတွေ့နေရတာပါ။
အဲဒီ့အပြင် လူရဲ့အရေပြား ပျက်စီးစေပြီး ကျန်းမာရေး ထိခိုက်နိုင်တဲ့ ခရမ်းလွန် ရောင်ခြည် ညွှန်းကိန်းကလည်း ၂၀၁၅ သင်္ကြန် ကာလ မတိုင်ခင်ကတည်းက မြင့်တက်မှုတွေ ရှိခဲ့တာ အခုနှစ်ထဲ အထိပါပဲ။
ဒီလို သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်နေပေမယ့်လည်း မြန်မာပြည်သူ ပြည်သားတွေကတော့ သင်္ကြန် ရေသဘင်ပွဲကို ဆင်နွှဲကြမှာ မြေကြီးလက်ခတ် မလွဲနိုင်ပါဘူး။
အထူးသဖြင့် မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာ ဆယ်ကျော်သက် လူငယ် အများစုကတော့ မဏ္ဍပ်တွေထိုး၊ ကားတွေနဲ့ လည် ပတ်ရင်း ရေကစားကြမှာ သေချာသလောက်ပါပဲ။
မန္တလေးမြို့မှာဆိုရင် နှစ်စဉ် ရေ ဂါလန် သန်း ၄၀ လောက် ရေကစားနိုင်ဖို့ စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာတော့ စီးပွားဖြစ် ရေကစား မဏ္ဍပ်တွေကို အခုနှစ် ခွင့်မပြုဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ်က ပြောဆိုထားပါတယ်။
အခုနှစ် ကျရောက်တဲ့ သင်္ကြန်တွင်း ကာလကလည်း အကြပ် ၂ ရက်ထပ် ဖြစ်လို့ အရင်နှစ်ထက် ၁ ရက် ပိုပြီး ၅ ရက် ရေကစားနိုင် မှာပါ။
ဒါကြောင့် ရက်ရှည် သင်္ကြန်ကာလမှာ သင်္ကြန်မိုး ရွာမယ်ဆိုရင်ဖြင့် မြန်မာပြည်တဝန်း လည်ကြပတ်ကြ ရေကစားကြတဲ့လူတွေ အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်က လွတ်ကင်း နိုင်ကြစေဖို့ လန်းဆန်း အေးချမ်းပြီး ရေများများပါတဲ့ သင်္ကြန်မိုးကြီးတမ ရွာချလိုက်စေချင် ပါရဲ့….။ ။