အမေရိကန်ဒေါ်လာနှင့် မြန်မာငွေကျပ် လဲလှယ်သည့်နှုန်းထား တရိပ်ရိပ် ကျဆင်းလာသော်လည်း ဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ် မျှလျှက်ရှိနေသေးကြောင်း အမေရိကန်ဒေါ်လာ လဲလှယ်ရောင်းဝယ်ရေး ပြင်ပဈေးကွက်မှ စုံစမ်းသိရသည်။
ငွေလဲနှုန်းသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁,၂၉၀ ကျပ် ဝန်းကျင် ပေါက်ဈေး ရှိရာမှ တရိပ်ရိပ် ကျဆင်းလာပြီး ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် ၁,၂၂၀ ကျပ်အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်း ရောင်းချသူများက ပြောသည်။
“ဈေးကတော့ နေ့တိုင်းကို ၅ ကျပ်၊ ၁၀ လောက် ကျလာတယ်ပေါ့။ ဒီနေ့ မနက်ပိုင်း ၁,၂၂၈ ကျပ် ပြန်ဝယ်ဖြစ်တယ်။ အရောင်းရော၊ အဝယ်ရော မျှပါတယ်။ ဗဟိုဘဏ်က သွားဝယ်ရင် ရောင်းတာ မဟုတ်ဘူး။ ဒီမှာတော့ ရှိသလောက် ဝယ်တယ်၊ လိုသလောက် ရောင်းပေးတယ်” ဟု ပြင်ပဈေးကွက်တွင် ဒေါ်လာ လဲလှယ်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ တဦးက ပြောသည်။
လက်ရှိအချိန်၌ ပြင်ပဈေးကွက်တွင် အရောင်းအဝယ် ဖြစ်နေသည့် ဒေါ်လာလဲလှယ် ဈေးနှုန်းမှာ ဗဟိုဘဏ်က တရားဝင် ရောင်းဝယ် သတ်မှတ်နှုန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန် ၁ ဒေါ်လာ ရောင်းဝယ်လျှင် ၂၀ ကျပ်ဝန်းကျင် ကွာဟလျက် ရှိသည်ကို တွေ့ရသည်။
ဗဟိုဘဏ်၏ ယခု (ဖေဖော်ဝါရီ ၉ ရက်) နေ့တွင် သတ်မှတ်ထားသည့် ငွေလဲနှုန်းရည်ညွှန်း သတ်မှတ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁၂၄၈ ကျပ် ဖြစ်သည်။
ဒေါ်လာငွေလဲနှုန်းများ ယခုကဲ့သို့ ပြန်လည် ကျဆင်းလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက “မြန်မာငွေဈေးအပြင် စီးပွားရေးလုပ်ငန်း တော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်နေကြပါတယ်။ ဒီတော့ မြန်မာ့နိုင်ငံရေးဟာ ကောင်းလာဖွယ် ရှိတယ်လို့ အားလုံးက ပြောလာကြတာပေါ့။ နိုင်ငံရေးငြိမ်နေတော့ မကစားကြတော့တာလည်း ပါမယ်။ နောက် တရုတ်နှစ်သစ်ကူးကြောင့်များ ငြိမ်နေတာလား ဆိုတာမျိုးတွေပေါ့။ ဒါမျိုးလည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်ခြေက နောက်ပိုင်းမြန်မာငွေ နည်းနည်း ခိုင်မာလာမယ်ပေါ့။ အခု ကန်ဒေါ်လာဈေးက နိုင်ငံတကာမှာ နည်းနည်းကလေး ကျလာတဲ့အပိုင်းလည်း ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန် ဒေါ်လာငွေလဲနှုန်းများ မြင့်တက်ခဲ့ရာတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၀၀ ကျပ် ကျော်အထိ ရောက်ရှိခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးမာလာခြင်း၊ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှု များလာခြင်းကြောင့် ဒေါ်လာ လိုအပ်ချက် များလာခြင်း၊ ဒေါ်လာဈေးကွက်အတွင်း ဈေးကစားခြင်းကြောင့် ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်ရခြင်း ဖြစ်သည်ဟု စီးပွားရေး လုပ်ကိုင်ကြသူများက ပြောဆိုကြသည်။
ယခုဒေါ်လာ လဲလှယ်နှုန်း ပြန်လည် ကျဆင်းလာသည့်အပေါ် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်က “ဒေါ်လာက နှစ်တိုင်း ဒီလို အချိန်လေးတွေမှာတော့ ဈေးကျတယ်။ ဒီထက် နည်းနည်းစောပြီး ဈေးကျတတ်တယ်။ နောက်တခုက အစိုးရသစ် အပေါ်မှာလည်း ယုံကြည်မှု များတယ်ပေါ့။ Investment တွေ ဝင်လာရင် သိတဲ့အတိုင်း ဒီဒေါ်လာကို အစိုးရက ယူထားတာပဲ။ အဲ့ဒီတော့ ဒေါ်လာတွေ အစိုးရမှာ ချမ်းသာလာရင် ဈေးကျသွားတာပဲ။ ငွေလိုတဲ့သူက ငွေဖော်တဲ့သဘောပဲ” ဟု ပြောသည်။
ပြည်တွင်း၌ အမေရိကန် ဒေါ်လာလဲနှုန်းသည် ပြီးခဲ့သည့်နှစ်အတွင်း မကြာခဏ မတည်မငြိမ်ဖြစ်ခဲ့ပြီး ဗဟိုဘဏ်က အမျိုးမျိုး ကိုင်တွယ်မှုများ လုပ်ခဲ့ရသည်။ သို့သော် ဒေါ်လာလဲလှယ်နှုန်းသည် တက်မြဲတိုင်းတက်ခဲ့ပြီး ၁ ဒေါ်လာ ၁၃၀၀ ကျပ်ကျော်အထိ ရောက်ခဲ့ပြီး ယခုဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာသည်။