အင်ဂျင်နီယာ ကျောင်းဆင်းပြီးသူများအတွက် ကောင်စီတွင် အင်ဂျင်နီယာ လိုင်စင်ယူမည် ဆိုပါက ပထမဆုံး ၄ နှစ် လုပ်သက် အတွေ့အကြုံ ယူပြီးလျှင် E.N.G.R ဖြေဆိုနိုင်ကြောင်း၊ E.N.G.R ဖြေဆိုအောင်မြင်ပြီးနောက် ၂ နှစ် ဆက်လက် လုပ်ကိုင်ပြီးလျှင် R.S.E (Registered Senior Engineer)အဆင့်ကို ဖြေဆိုနိုင်ကြောင်း၊ R.S.E အဆင့် အောင်မြင်ပြီး နောက်တနှစ် ဆက်လက် လုပ်ကိုင်ပြီးလျှင် P.E (Professional Engineer) အဆင့်ကို ထပ်မံ ဖြေဆိုနိုင်ကြောင်း အဆင့်ဆင့် သတ်မှတ်ချက်များ ရှိသည်။
သို့သော် အလုပ်သင် မဟုတ်သည့် လက်ရှိ အင်ဂျင်နီယာ Field တွင် လုပ်ကိုင်နေကြသည့် သူ အားလုံးသည် ကောင်စီမှ ပေးအပ် သည့် လိုင်စင်များကို ရယူထားဖို့ လိုအပ်ပြီး ကောင်စီ ဥပဒေ သတ်မှတ်ချက်အတိုင်း သက်ဆိုင်ရာ လိုင်စင်များကို ဖြေဆို လျှောက် ထားခွင့် ရှိသည်။
ယင်းသို့ လိုင်စင်ရယူထားခြင်း မရှိလျှင် မြန်မာနိုင်ငံအတွင်းရှိ အင်ဂျင်နီယာ အားလုံးကို မကြာခင် ထုတ်ပြန်မည့် နိုင်ငံတော် ပြန် တမ်း ထွက်လာပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေ ပြဌာန်းချက်အတိုင်း အရေးယူဆောင်ရွက်ခြင်းများ ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ကောင်စီက ထုတ်ပေးသည့် အင်ဂျင်နီယာ အရေအသွေးစစ် လိုင်စင် လျှောက်ထားမှု အခြေအနေ၊ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဒုဥက္ကဋ္ဌ (၁) ဦးဉာဏ်ထွန်းဦး (လက်ရှိ တာဝန် ထမ်း ဆောင်ဆဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး)နှင့် ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဘယ်အင်ဂျင်နီယာ မဆို မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှာ လိုင်စင်ယူပြီးမှ လုပ်ကိုင်ခွင့်ပြုမယ်ဆိုတဲ့ သတင်းတွေ ထွက် ပေါ်နေပါတယ်။ အဲဒီအကြောင်း ရှင်းပြပေးပါ။
ဖြေ။ ။ ၂၀၁၃ ခုနှစ်က စပြီးတော့ အင်ဂျင်နီယာ ကောင်စီဆိုတာ ပေါ်လာတယ်။ ပေါ်လာတယ် ဆိုတာကလည်း အင်ဂျင်နီယာ ကောင်စီ လုပ်ဖို့ လိုအပ်လာတယ်ဆိုတဲ့အတွက်လို့လည်း ပြောရမယ်။ အခုသိတဲ့အတိုင်းပဲ တိုင်းပြည်မှာ အဆောက်အဦးတွေ ဆောက် တယ်။ လူသုံးကုန်ပစ္စည်းတွေ ထုတ်တယ်။ ထုတ်တဲ့ လူသုံးကုန်ပစ္စည်းတွေကလည်း တကယ့် ကျွမ်းကျွမ်းကျင်ကျင် အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေ ဦးစီးနေတဲ့ သူတွေ မဟုတ်ဘဲ များသောအားဖြင့် ကြုံတဲ့သူ ဦးစီးနေတာမျိုး ဖြစ်နေတယ်။ အဲဒီထဲမှာ ဆိုးတာ အင်ဂျင်နီယာမဟုတ်ဘဲ ဆရာဝန်သော်လည်းကောင်း၊ ဘာသော်လည်းကောင်း ညာသော်လည်းကောင်းက အင်ဂျင်နီယာ လုပ်ငန်း တွေမှာ ဝင်ပြီးလုပ်လိုက်တော့ တချို့နားမလည်တာလေးတွေ ကျော်သွားပြီးလုပ်တဲ့အခါမှာ စားသောက်တဲ့သူတွေ အန္တရာယ် ရှိတယ်။ သုံးစွဲတဲ့ပစ္စည်းတွေ ထွက်လာတဲ့အခါမှာ အန္တရာယ် ရှိတယ်။
နောက်ပြီး အဆောက်အဦးတွေဆိုရင်လည်း ပြိုကျတာ၊ မီးလောင်တာတွေ ဖြစ်တယ်။ ဒါတွေဟာ ကျွမ်းကျင်မှု မရှိလို့ ဖြစ်တာတွေပဲ။ ကျွမ်းကျင်မှုရှိပြီး စနစ်တကျလုပ်ရင် ဒီလိုကိစ္စတွေ လျော့သွားမှာပေါ့။ နောက်ပိုင်းမှာ တဖြည်းဖြည်း ကျွမ်းကျင်တဲ့သူ များလာလေ လေ ပိုပြီးတော့ ပြည်သူများအတွက် စားသောက်နေထိုင်ရေးက လုံခြုံမှုရှိမယ်။ အဆင့်ရှိလာမယ်။ ဒါကြောင့်လည်း အင်ဂျင်နီယာ ကောင်စီ အနေနဲ့ အရည်အချင်းတူညီအောင် လုပ်ဆောင်တဲ့ သဘောပါ။ အရေအသွေး၊ အရည်အချင်း၊ အတွေ့အကြုံ ရှိဖို့ပါ။ ပညာ ရေးပိုင်းမှာလည်း ဒီလိုမျိုးတွေ လိုအပ်သလို လက်တွေ့ပိုင်းမှာလဲ အသိတရား၊ တွေးခေါ်မြော်မြင်နိုင်တဲ့ အမြင်၊ နည်းစနစ်ကျတဲ့ သူတွေ အားသာတဲ့သူတွေ ဖြစ်လာအောင် ကျနော်တို့ အင်ဂျင်နီယာ ကောင်စီက အင်ဂျင်နီယာတွေကို လမ်းကြောင်း ဖြောင့်အောင် လုပ်ပေး တဲ့ သဘောပါ။
မေး။ ။ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥပဒေအရ အင်ဂျင်နီယာတွေ လိုင်စင်မရှိရင် အရေးယူမယ်လို့ ဆိုထားတော့ ဘယ်လို အရေးယူဆောင်ရွက်သွားမှာလဲ။
ဖြေ။ ။ လိုင်စင်မရှိရင် အရေးယူမယ်ဆိုတာက ကောင်စီ ပေါ်လာမှ အမိန့်ထွက်တာဆိုတော့ ကောင်စီ မပေါ်ခင် လုပ်ထားတာတွေကိုတော့ ကောင်စီက အရေးယူလို့မရဘူး။ ထိုနည်းတူစွာပဲ အင်ဂျင်နီယာ ကောင်စီ ဥပဒေ မတိုင်ခင်မှာ စည်ပင်သာယာ လိုင်စင်နဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အဦးတွေ ရှိမယ်။ ပြီးနေတဲ့ အဆောက်အဦးတွေကိုတော့ ဘာမှ လုပ်စရာ အကြောင်းမရှိပါဘူး။ အခုက ဥပဒေ ပြဌာန်းလိုက်ပေမယ့် စီမံလုပ်ကိုင်မှုက ကျနော်တို့ မဝင်နိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုနေရာတွေမှာ စီမံကွပ်ကဲနိုင်ဖို့ကို ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေကို ကျနော်တို့က မွေးထုတ်ပေးရမယ်။ ဘယ်သူတွေ ဘယ်လောက် ကျွမ်းကျင်လဲ ဆိုတာ ရွေးချယ်ပေးရမယ်။ လုံလောက်တဲ့ အင်အားရမှ ရန်ကုန်စည်ပင်သာယာရဲ့ လိုင်စင်ထုတ်ပေးမှုကို ရပ်ခိုင်းရမယ်။
ဒီနေ့ဆိုရင် ဥက္ကဋ္ဌက ကျွမ်းကျင်မှု အသိအမှတ်ပြုထားတဲ့သူ စာရင်းတွေ ရေးနေပြီ။ နောက်ပိုင်း နိုင်ငံတော် ပြန်တမ်းမှာ တရားဝင် ပြန်တမ်း ထွက်မယ်။ နိုင်ငံတော်ပြန်တမ်းမှာ A.C.P.E က ဘယ်သူတွေ၊ P.E က ဘယ်သူတွေ၊ R.S.E က ဘယ်သူတွေ ဆိုတာကို ဖော်ပြပြီး ထုတ်ပြန်မှာပါ။ ထုတ်ပြန်ပြီးရင် စာရင်းတွေအားလုံးကို ရန်ကုန်စည်ပင်အပါအဝင် သက်ဆိုင်ရာဌာနအသီးသီးကို ပေးပို့မှာပါ။ အဲဒီလို ပေးပို့ပြီးရင်တော့ စည်ပင်ကလည်း ကောင်စီ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မေး။ ။ ဒါဆို နိုင်ငံတော် ပြန်တမ်း ထွက်လာပြီးနောက်ပိုင်း အရေးယူ ဆောင်ရွက်မှုတွေ ရှိလာမယ် ဆိုတာမျိုးလား။
ဖြေ။ ။ ပြဿနာ တခု ဖြစ်မယ်။ နောက် တရားမဝင် လုပ်ဆောင်သွားမယ့် သူတွေ ရှိလာမယ်ဆိုရင် ဥပဒေ အရ အရေးယူသွားမယ်။ အဆောက်အဦး ပြိုကျတယ်။ လူသေတယ်ဘာတယ်ဆိုလည်း သူ့ကို တရားဥပဒေ အရ အရေးယူမယ်။ ပြဿနာ ဖြစ်လာပြီဆိုရင် သတင်းတွေက ထွက်လာမှာပဲ။ လိုင်စင် ယူထားလား။ မယူထားလားဆိုတာ သိရမှာပဲ။ အဲဒါဆိုရင်လည်း လိုင်စင်မရှိရင် အရေးယူ မယ်။ လိုင်စင် ယူထားသူတွေလည်း ပြဿနာဖြစ်လာရင် အရေးယူမှာပဲ။ နောက်ပြီး လိုင်စင် ရှိမရှိဆိုတာ စည်ပင်မှာ ဆောက်လုပ်ခွင့် လာတင်ပြီဆို သိရပြီ။ လိုင်စင် မရှိရင် သူတို့တွေ လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ဘူးလေ။ အဲဒါမျိုးတွေမှာလည်း ဘယ်သူ လိုင်စင်ရှိ၊ မရှိဆိုတာ သိရမှာပဲ။ အဲဒီလိုမှ မဟုတ်ဘဲ စည်ပင်သာယာက မှားပြီးခွင့်ပြုရင်လည်း စည်ပင်သာယာမှာ တာဝန်ရှိမှာပေါ့။
မေး။ ။ လက်ရှိ စည်ပင်က ပေးနေတာက အင်ဂျင်နီယာ လိုင်စင်လက်မှတ်နဲ့ အင်ဂျင်နီယာ လုပ်ငန်းလိုင်စင် လက်မှတ်လို့ သိရပါတယ်။ ကောင်စီအနေနဲ့ ဘယ်လို လိုင်စင်မျိုး ထုတ်ပေးမှာပါလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့၊ အဆောင်အဦးနဲ့ ပတ်သက်လို့ အင်ဂျင်နီယာ ကောင်စီက ဘာမှ တာဝန်ယူ မလုပ်ဆောင်ပါဘူး။ ဒါက အင်ဂျင်နီယာကောင်စီ အလုပ်မဟုတ်ဘူး။ စည်ပင် အလုပ်ပါ။ အဲဒီမှာ ဆောက်လုပ်ရေးကို တာဝန်ယူပြီး စီမံကွပ်ကဲ အုပ်ချုပ် အတည်ပြုမယ့်သူသည် အင်ဂျင်နီယာ။ အဲဒီအင်ဂျင်နီယာရဲ့ အရည်အသွေးကို ကျနော်တို့က လုပ်မှာပါ။ အင်ဂျင်နီယာတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ ဥပမာ အားဖြင့် R.S.E (Registered Senior Engineer) လက်မှတ်ရထားသူဟာ ရှစ်ထပ်ခွဲအထိ ဆောက်ခွင့်ရှိတယ်။ ကြီးကြပ်ကွပ်ကဲ ဆောက်ခွင့်ရှိတာပေါ့။ နောက်ထပ် အထပ် ၂၀၊ ၃၀ ဆောက်မယ် ဆိုရင်တော့ P.E (Professional Engineer) လက်မှတ်ရှိမှ ရမယ်။ အဲဒီမှာ R.S.E တွေ ကြီးကြပ်ကွပ်ကဲလို့ မရဘူး။ အဲဒီမှာ ကြီးကြပ်စီမံမယ့်သူက P.E ပဲ ဖြစ်ရမယ်။ အဲဒီအဆောက်အဦးက ဖြစ်လာတဲ့ ပြဿနာဟာ တာဝန်ယူထားတဲ့သူက တာဝန်ယူရမှာပါ။
မေး။ ။ အခုက ကောင်စီမှာ လိုင်စင် မလျှောက်ရသေးပေမယ့် စည်ပင် လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတွေမှာလည်း သူတို့ လုပ်သက်အတွေ့အကြုံ နှစ်တွေလည်း ရှိတယ်ဆိုတော့ ကောင်စီမှာ အတွေ့အကြုံရှိသူတွေ လာလျှောက်မယ်ဆိုရင် ဘယ်လို ဆောင် ရွက်ပေးမလဲ။
ဖြေ။ ။ ကောင်စီ ဥပဒေ၊ နည်းဥပဒေ မှာ ကတည်းက R.S.E ဆို ဘယ်လို အရည်အချင်း ရှိရမယ်။ P.E ဆို ဘယ်လို အရည်အချင်း ရှိရမယ်။ ဘယ်လိုစာတမ်းတွေ ဖြေရမယ်၊ ဘယ်လိုစာမေးပွဲတွေ ဖြေရမယ်ဆိုတာ ဖော်ပြထားပြီးသားပါ။ အဲဒီအတိုင်း သူတို့ လာဖြေ ရင် အဲဒီအတိုင်း ပေးမှာပဲ။ သူတို့တွေက နှုတ်ဖြေ ဖြေရမယ်။ ရေးဖြေဖြေရမယ်။ ကောင်စီက ပေးတဲ့ သင်တန်း တက်ရမယ်။ ဘာသာ ရပ်ဆိုင်ရာ ဟောပြောပို့ချပွဲတွေ လုပ်ရမယ်။ ဟောပြောပို့ချပွဲတွေ တက်ရောက် နားထောင်ရမယ်။ တက်ရောက်တဲ့ အချိန်တွေကို ထည့်ပေးရမယ်။ သူတို့ကို သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပြည့်ရင် လိုင်စင်ရမှာပါ။
မေး။ ။ အခု သိရသလောက် ကောင်စီက ထုတ်ပေးတဲ့ လက်မှတ်ပုံစံက ဆရာဝန်တွေကို ထုတ်ပေးတဲ့ ဆ.မ လိုင်စင်လက်မှတ် အတိုင်း လို့ ပြောလို့ရမှာပေါ့။ ဒါဆိုရင် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးတာ စာမေးပွဲဖြေရတာမျိုး စတဲ့ အဆင့်ဆင့် လုပ်ဆောင်ရမှာဆိုတော့ လာလျှောက်တဲ့ သူတွေထဲမှာ လုပ်သက်နှစ် ရှိတဲ့သူတွေက ထိခိုက်နစ်နာမှု မရှိနိုင်ဘူးလား။
ဖြေ။ ။ ဥပမာအားဖြင့် ဆ.မ ရတဲ့သူက မာစတာဘွဲ့ လိုချင်တယ်။ သူတို့ ဘာမှ မလုပ်ဘဲနဲ့တော့ မာစတာဘွဲ့မရဘူး။ စာမေးပွဲ ဖြေရ တယ်။ အင်တာဗျူး ဝင်ရတယ်။ သူ့လုပ်သက်အတွေ့အကြုံ၊ အရေအသွေး၊ အရည်အချင်း ရှိကြောင်း သူတို့မေးတဲ့ မေးခွန်းတွေ ဖြေရ တယ်။ အင်တာဗျူးတွေ ဝင်ရတယ်။ စာတမ်းတွေ တင်ရတယ်။ အဲဒါတွေ လုပ်ပြီးမှ ရမှာလေ။ ဒီလိုပါပဲ သူ့အရေအသွေးတွေ ဘာတွေ ရှိတယ်ဆိုတာ ရေးသားပြရမယ်။ ပြောဆိုပြရမယ်။ သူ့အဆင့်နဲ့ သူ သတ်မှတ်တဲ့ သဘောပါ။
မေး။ ။ နောက်ပြီး ပြည်ပမှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ လုပ်သက်အတွေ့အကြုံတွေ ယူလာသူတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလို လူမျိုးတွေကိုရော ဘယ်လိုစီစဉ်ပေးထားပါသလဲ။
ဖြေ။ ။ သူတို့အပြင်မှာ လုပ်ခဲ့တဲ့ လက်မှတ်တွေ ကျနော်တို့ ဘာမှ စိတ်မဝင်စားဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့ စာမေးပွဲ၊ ကျနော် တို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်းပဲ လုပ်ဆောင်ရမှာပါ။ တိုင်းပြည်တခုနဲ့ တခု၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လုပ်တဲ့ ကျွမ်း ကျင် မှုနဲ့ လုပ်ရတဲ့ လုပ်ငန်းက မတူနိုင်ဘူးလေ။ အင်ဒိုနီးရှားမှာ လုပ်တဲ့သူနဲ့ အမေရိကားမှာ လုပ်တဲ့သူနဲ့ ကွာခြားမှာပဲလေ။ ဒါကို အတူတူပဲလို့ ပြောလို့မရပါဘူး။ ဒါကြောင့် သူတို့မှာ ဘယ်လိုအရေအသွေးတွေပဲ ရှိလာ၊ ရှိလာ။ အရေအသွေး တူညီတဲ့သူတွေဖြစ် အောင် ပြန်လည် ဆန်းစစ်တဲ့ သဘောပဲ။ ဘယ်သူ့ကိုမှ အင်ဂျင်နီယာ ကောင်စီက နှိပ်ကွပ်တာတွေ ဘာတွေ မရှိပါဘူး။ သူတို့ရဲ့ အရေ အသွေးကို မှတ်ကျောက်တင်ပေးတာပါ။
မေး။ ။ အာဆီယံနိုင်ငံတွေက အသိအမှတ်ပြု အင်ဂျင်နီယာ လက်မှတ်တွေ ရယူထားတဲ့ သူတွေကရော ရေးဖြေ၊ နှုတ်ဖြေ ဖြေပြီးမှ လိုင်စင်ချထား ပေးမှာလား။
ဖြေ။ ။ A.C.P.E (ASEAN Chartered Professional Engineer)တို့ ဘာတို့ ဆိုတာက ဟိုဘက်က P.E ဒီဘက်က P.E နဲ့က အရည်အချင်းတွေကို သူတို့ စီစစ်သုံးသပ်ပြီးတော့မှ အသိအမှတ်ပြုထားတဲ့ လက်မှတ်ပါ။ သူတို့လုပ်ဆောင်ချက်တွေကို A.C.P.E ဘုတ်အဖွဲ့က အသိအမှတ်ပြုပြီးမှ ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် ဒီလက်မှတ်ရှိတဲ့သူတွေအနေနဲ့ စာမေးပွဲ ဖြေစရာ မလိုတော့ဘူး။ အသိအမှတ်ပြု လိုင်စင်လက်မှတ်ထုတ်ပေးမှာပါ။
ဒီနိုင်ငံထဲမှာ ကျနော့်မှာ မနေ့က အထိ သိရတဲ့စာရင်းအရ A.C.P.E လက်မှတ် ရရှိထားသူ ၁၄၇ ယောက် ရှိပါတယ်။ ကောင်စီက P.E လက်မှတ် လိုင်စင် ထုတ်ပေးထားသူ ၃၆၈ ယောက်၊ RSE လိုင်စင်ဆိုရင် ကျန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စာရင်းအရ ၄၉၈ ယောက် ရှိတယ်။ အခုလည်း နောက်ထပ် ဖြေတဲ့သူတွေထဲက အောင်ရင် အောင်စာရင်း ထုတ်ပေးဦးမှာပါ။ ဒါတွေက Record ဖြစ်သွားမှာ။ ဒီလို Record ရှိတဲ့သူတွေကိုမှ စည်ပင်က သက်ဆိုင်ရာ တာဝန်ပေးတဲ့အခါမှာ ဒီလိုအရေအသွေးရှိတဲ့ သူတွေကိုမှ ဒီလို တာဝန်ပေးနိုင်မှာ။ စည်ပင်မှာ အဆောက်အဦးဆောက်လုပ်ပြီဆို နောက်ပိုင်း အင်ဂျင်နီယာ လိုင်စင်ရှိတဲ့သူကို စည်ပင်က သတ်မှတ် ချက် လုပ်ရတော့မှာပါ။
မေး။ ။ အာဆီယံ နိုင်ငံ မဟုတ်တဲ့ တခြား နိုင်ငံတွေက အင်ဂျင်နီယာနဲ့ သက်ဆိုင်တဲ့ လက်မှတ်ယူထားတဲ့သူတွေ အတွက်ရော ဘယ်လို လုပ်ဆောင်မှာပါလဲ။
ဖြေ။ ။ သူတို့တွေကတော့ အာဆီယံ နိုင်ငံက ပေးတဲ့ အသိအမှတ်ပြု လက်မှတ်တွေရအောင် ပြန်လုပ်ရမယ်။ အာဆီယံ နိုင်ငံက လက်မှတ်မဟုတ်ရင် အကြုံးမဝင်ဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ မြန်မာပြည်မှာ P.E လုပ်ချင်ရင် မြန်မာပြည်က သတ်မှတ်ထားတဲ့ P.E အရည်အချင်းတွေကို ပြန်ဖြေရမယ်ဆိုတဲ့ သဘောပေါ့။
မေး။ ။ ဒါဆို ပြည်တွင်း အင်ဂျင်နီယာတွေ မဟုတ်တဲ့ ပြည်ပက လာမယ့် နိုင်ငံခြားသား အင်ဂျင်နီယာတွေ အတွက်ရော ဘယ်လို လုပ်ဆောင်ရမလဲ။
ဖြေ။ ။ ပြည်ပက နိုင်ငံခြားသားတွေကလည်း ပြည်တွင်းမှာ RSE level လာလုပ်မယ်ဆိုရင် RSE level သတ်မှတ်ချက် အတိုင်း သွားရမှာပဲ။ P.E level ဆိုလည်း ဒီအတိုင်းပဲ သွားရမှာပါ။ သူတို့ ဖြေလို့အောင်ရင် ရမယ်။ ဖြေလို့ မအောင်ရင် မရဘူး။
မေး။ ။ လိုင်စင်အတွက် ဖြေဆိုရမယ့် မေးခွန်းတွေ ထုတ်တဲ့အခါမှာရော ဘယ်လို ပုံစံနဲ့ စိစစ်ဆောင်ရွက်သွားမှာပါလဲ။
ဖြေ။ ။ R.S.E ကို စိစစ်မယ့် ဘုတ်အဖွဲ့ရှိမယ်။ P.E ကို စစ်ဆေးမယ့် ဘုတ်အဖွဲ့တွေ အသီးသီး ခွဲထားပါတယ်။ အခုက ကလေးတွေကို စာမေးပွဲ စစ်တာ မဟုတ်ဘူး။ လူကြီးတွေကို မေးတာ။ မေးတဲ့အခါကျတော့ မေးခွန်းတွေကို အလွတ်ကျက် အလွတ်ဖြေလို့ မရ ဘူး။ ကိုယ်သိတဲ့ အတွေ့အကြုံတွေကနေပြီး ဖြေရတဲ့ဟာတွေဖြစ်တဲ့ အတွက် ဘာမှ မေးခွန်းပေါက်ကြားစရာ မရှိပါဘူး။ မေးခွန်းပေါက်ဖို့ မပေါက်ဖို့ကလည်း အင်ဂျင်နီယာ ကောင်စီမှာ လုပ်နေတဲ့ အဘိုးကြီးတွေဟာ ပါချုပ်တွေ၊ အရင်တုန်းက ဌာနမှူးတွေ၊ အရင် တုန်းက ညွှန်မှူးတွေ စတဲ့ ဆားဗစ်ရှိတဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေ၊ ဝန်ထမ်းတွေ စီမံပြီး လုပ်နေတာပါ။ ခုနတုန်းကလို မေးခွန်း ပေါက်ကြားပြီးတော့ ပိုက်ဆံ ယူမယ့်သူတွေလည်း မဟုတ်ကြဘူး။
အင်ဂျင်နီယာ ကောင်စီမှာ ပိုက်ဆံလိုချင်လို့ လာလုပ်တဲ့သူတွေ မရှိဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ အခုလို လာလုပ်နေတာ ကလည်း အင်ဂျင်နီယာ လောကကြီး တိုးတက်အောင် လုပ်ဆောင်နေတာပါ။ သူတို့က လိုလိုချင်ချင် ကျေကျေနပ်နပ်နဲ့ သူတို့ သိထားတဲ့ ပညာရပ်တွေကို ကောင်းတဲ့စိတ်ဓာတ်နဲ့ လာကူညီကြတာပါ။
မေး။ ။ ကောင်စီ ရပ်တည်နိုင်ဖို့ ဘယ်လို ဝင်ငွေနဲ့ ရပ်တည်မှာပါလဲ။
ဖြေ။ ။ အခု တည်ဆောက်နေတဲ့ ကောင်စီရုံးနေရာမှာ အဆောက်အဦး တည်ဆောက်နေတယ်။ အဲဒီအဆောက်အဦးက ငါးထပ်အထိ ကျနော်တို့က နိုင်ငံခြားသား ကုမ္ပဏီတွေ၊ နိုင်ငံခြား ရုံးခန်းတွေ ငှားမယ်။ ရလာတဲ့ ဝင်ငွေနဲ့ ကောင်စီ ရပ်တည်မယ်။ နောက်ပြီး ပင် စင် ယူသွားတဲ့သူတွေဟာ အရင်က ဝန်ထမ်းတွေရသလို လစာတွေ ဘာတွေ မရှိတော့ဘူး။ သွားရေး လာရေးမှာလည်း အဘိုးကြီး၊ အဘွားကြီးတွေ ဖြစ်တော့ သူတို့ကို ဂရုပြုဖို့ လိုလာပြီ။ သူတို့အတွက် သွားရေးလာရေးကို ဒီဝင်ငွေကနေ ဖြေရှင်းမယ်။ နောက်ပြီး ကောင်စီ ဝန်ထမ်းတွေအတွက်သာ လစာ ဖြေရှင်းမှာပါ။ ကောင်စီ ရေရှည် ရပ်တည်နိုင်အောင် လိုက်လျောညီထွေရှိတဲ့ ဝင်ငွေတွေ ရအောင် ရပ်တည်နိုင်အောင် ကျနော်တို့ ဆောင်ရွက်မှာပါ။ ။