မြန်မာ့ဆက်သွယ်ရေး (MPT) မှ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အပါအဝင် တနိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” အစီအစဉ်ဖြင့် ဆိုလာမီးအိမ်များ လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ parkroyal hotel မှာ ကျင်းပခဲ့ပါတယ်။
MPT အနေနဲ့ တနိုင်ငံလုံးရှိ လျှပ်စစ်မီးအလင်းရောင် မရရှိသေးသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၆၃၂ ကျောင်းကို ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော် လှူဒါန်းခဲ့ပါတယ်။
“ဒီလို လှူဒါန်းနိုင်တာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ MPT ရဲ့ဖုန်းနံပါတ်အလှများ လေလံတင် ရောင်းချပွဲမှ ကျပ်သန်းပေါင်း ၂၉၂ ဒသမ ၇ သန်း ရရှိခဲ့လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသတွေက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက ကလေးငယ်တွေ စာသင်ကြားရာမှာ အဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ပါတယ်” လို့ MPT မှ Chief Operation Officer ဖြစ်သူ Mr.Yoshiaki benio က ရှင်းပြပါတယ်။
ဆိုလာမီးအိမ်များမှာ Panasonic အမျိုးအစားများဖြစ်တဲ့ “Eneloop Solar Storage” များ ဖြစ်ပြီး နေ့ပိုင်းတွင် နေရောင်ခြည်နဲ့ အားသွင်းထားပါက ညဘက်တွင် မိုးအုံ့ခြင်း၊ မိုးရွာခြင်းတို့ကြောင့် အလင်းအားနည်းတဲ့ အချိန် ၆ နာရီမှ ၈နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၅ နာရီကြာ အားသွင်း ထားရင် ၂၄ နာရီ အသုံးပြုနိုင်မှာဖြစ်ပြီး မီးအိမ်တခုကို သက်တမ်း ၅ နှစ်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီများကို လဲလှယ်အသုံးပြုနိုင်ပြီး USB ကြိုးကနေတဆင့် မိုဘိုင်းဖုန်းများကိုလည်း အားသွင်းနိုင်တယ်လို့ သိရပါတယ်။