ဧရာဝတီဘဏ်နှင့် Union Pay International (UPI) တို့ ပူးပေါင်းပြီး AYA Universal Credit ကတ်နဲ့ Debit Card အသစ်များ မိတ်ဆက်သည့်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ ဧရာဝတီဘဏ် ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
AYA Universal Credit ကတ်ကို အသက် ၂၁ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားနှင့် မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရှိသော လခစား ဝန်ထမ်းများ၊ ကိုယ်ပိုင် လုပ်ငန်းရှင်များ၊ အငြိမ်းစား ဝန်ထမ်းများ လျှောက်ထားနိုင်ပြီး လစဉ်ဝင်ငွေ အနည်းဆုံး တသိန်းခွဲရရှိသူများမှ စတင် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။
အဆိုပါ AYA Universal Credit ကတ်ကို လစဉ်ဝင်ငွေ အနည်းဆုံး ကျပ်တသိန်းခွဲရှိသူများက ငွေရောင်၊ ဝင်ငွေ ကျပ် ၅ သိန်း အနည်းဆုံးရှိသူများက ရွှေရောင်၊ ဝင်ငွေ ကျပ် သိန်း ၂၀ အနည်းဆုံး ရှိသူများက ပလက်တီနမ်ရောင် စသဖြင့် အရောင် ၃ ရောင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
AYA Universal Debit Card ကို လျှောက်ထားသူများက နိုင်ငံသားမှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်နဲ့ တကွ အသက် ၁၈ နှစ်ပြည့်ပြီးသူများ လျှောက်ထားနိုင်ပြီး ပြည်တွင်းမှာ MPU Card၊ ပြည်ပမှာ Union Pay Card အဖြစ် နှစ်မျိုး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
“ကျမတို့ ဒီကတ်တွေနဲ့ ပြည်တွင်းကော၊ ပြည်ပမှာပါ ခရီးသွားတဲ့အခါ Union Pay နဲ့ ချိတ်ဆက် ထားတဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စူပါမားကတ်တွေ၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်း၊ ဆေးရုံ၊ ကျောင်း၊ ဆေးခန်းနဲ့ ဟိုတယ် အစရှိတဲ့ နေရာတွေမှာ ကတ်များကို အသုံးပြုပြီး ငွေပေးချေ နိုင်ပါတယ်” လို့ ဧရာဝတီဘဏ်ရဲ့ Card & Payment Services ဌာနမှူး ဒေါ်နန်းစောခမ်းဖြူက ပြောပါတယ်။
AYA Universal ကတ် ကိုင်ဆောင်သူများအနေနဲ့ မြန်မာပြည်တွင်း Union Pay သာမက နိုင်ငံပေါင်း ၁၆၀ မှာ ရှိတဲ့ Union Pay ကမ္ဘာ့ငွေပေးချေမှု Network မှတဆင့် အဆိုပါ AYA Universal ကတ်များ အသုံးပြုပြီး ငွေပေးချေ ထုတ်ယူမှုများ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။
“ဒီကတ်တွေရဲ့ အကျိုးကျေးဇူးကတော့ ငွေပေးချေတဲ့အခါ ငွေသားကိုင်ထားမစရာပဲ ကတ်နဲ့ အလွယ်တကူ ငွေပေးချေနိုင်တယ်။ အရင်ကတော့ နိုင်ငံခြားငွေပေးချေမှု ကတ်အနေနဲ့ Prepaid ကတ်တွေပဲရှိခဲ့ပြီး အခု ကတ်ကိုင်ဆောင်သူ တွေအနေနဲ့ ကိုယ်နဲ့ သင့်တော်တဲ့ ကတ်တွေကို ရွေးချယ် အသုံးပြုနိုင်ပါပြီ” လို့ ဧရာဝတီဘဏ်ဘဏ်ရဲ့ ဒါရိုက်တာ ဦး Colin သူရမောင်က ပြောပါတယ်။