ပြည် တက္ကသိုလ်က ကျောင်းသူ တဦး နဝဒေး တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
အဆုံးစီရင်သွားတဲ့ ကျောင်းသူဟာ အသက် ၂၃ နှစ်အရွယ်ရှိ ပြည် တက္ကသိုလ် ရုက္ခဗေဒ ဘာသာ မဟာသိပ္ပံတန်း တက်ရောက်နေ တဲ့ မစုမေသွင် လို့ သိရပြီး အချစ်ရေး အဆင်မပြေလို့ ဒီဇင်ဘာ ၁၆ ရက်က အခုလို အဆုံးစီရင်သွားတာလို့ ပြည် တက္ကသိုလ် အသိုင်း အဝိုင်းက ပြောဆိုကြပါတယ်။
အဲဒီ ပြည် တက္ကသိုလ် ကျောင်းသူလေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ နောက်ဆက်တွဲ သတင်းတွေက စိတ်မကောင်းစရာ သတင်းတွေကြားရသလို သူပညာသင်ယူခဲ့တဲ့ တက္ကသိုလ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ ပြောဆိုနေကြတာတွေကိုလည်း ကြားသိရပါတယ်။
အခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားသော ကျောင်းသူ ကျောင်းသားတွေ အတုယူ မှားမှာကို စိုးရိမ်နေကြတယ်လို့ ပြည် တက္ကသိုလ် ဆရာ ဆရာမ အသိုင်းအဝိုင်းမှာတော့ ပြောဆိုနေကြပါတယ်။
ကွယ်လွန်သူ မစုမေသွင် ရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေအပေါ် ပြည် တက္ကသိုလ် ရုက္ခဗေဒက ဆရာ၊ ဆရာမ တွေက လေးစား ချီးကျူးပေမယ့် အခုလို အချစ်ရေးနဲ့ ပတ်သက်လို့ ဖြေရှင်းသွားတဲ့ လုပ်ရပ်အပေါ်မှာတော့ ကျောင်းတွင်း က ကျောင်းသား ကျောင်းသူတွေ အတုယူ မမှားမိစေဖို့ ဆုံးမပြောဆိုနေရတယ်လို့ ရုက္ခဗေဒဋ္ဌာန ပါမောက္ခ ဒေါ်မီမီမြင့်ရှိန် က ပြော ပြ ပါတယ်။
ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က“ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတိုင်း အခုလို ဆုံးဖြတ်ချက် မမှားမိစေဖို့ ဆုံးမပြောဆိုနေရတယ်။ ရည်းစား မထားနဲ့လို့ မတားပါဘူး။ သို့ပေမယ့် ဘဝပျက်တဲ့အထိ အသက်သေတဲ့အထိ ဖြစ်ရလောက်အောင် မမိုက်မဲစေချင်ဘူး”လို့ ဧရာဝတီ ကို ပြောဆိုပါတယ်။
ပြည်တက္ကသိုလ် ရုက္ခဗေဒဌာနရဲ့ မဟာတန်း ဒုတိယနှစ်မှာ ပညာသင်ကြားနေသူ ၂ ဦးသာရှိတဲ့ အထဲက အနေအထိုင် ရိုးအေးပြီး စာတော်သူ ကျောင်းသူတဦးဖြစ်တဲ့ မစုမေသွင်သေဆုံးမှုက ဒီဌာနအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့လည်း ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က ပြောပါတယ်။
“ဒီလို M.Sc တက်ရဖို့ တော်ရုံ အရည်အချင်းနဲ့ မရဘူး။ ဌာနတခုလုံးမှာ မဟာတန်းကျောင်းသား ၂ ယောက်ပဲ ရှိတဲ့အထဲက တယောက်က အခုလိုဖြစ်သွားတော့ တိုင်းပြည်အတွက်ရော ပြည်တက္ကသိုလ် ရုက္ခဗေဒဌာန အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုပါ။ မိဘတွေ အတွက်ဆိုရင် ပြောမနေပါနဲ့တော့”လို့ ဒေါ်မီမီမြင့်ရှိန်က ဆိုပါတယ်။
မစုမေသွင်ဟာ လာမယ့် ၂၀၁၆ ခုနှစ် မေလမှာ မဟာတန်းကျောင်းပြီးမှာဖြစ်လို့ မကြာတော့တဲ့ လပိုင်းအတွင်း ပြည်တက္ကသိုလ်က ကျောင်းဆရာမ တယောက် ဖြစ်လာမယ့် သူလို့လည်း သိရပါတယ်။
မစုမေသွင်ရဲ့မိသားစု စီးပွားရေးကလည်း အတော်အတန် အဆင်ပြေကြသလို ပညာရေးနဲ့ ပတ်သက်လို့ နှစ်စဉ်ဆုတံဆိပ်တွေ ရရှိထားသူဖြစ်ပြီး မဟာဘွဲ့အတွက် လက်ရှိသူရေးသားနေတဲ့ M.Sc (Botany) Thesis ကို ဒီဇင်ဘာလ ၂၁ ရက်မှာ စတင် စစ်ဆေးမှာ ဖြစ်တယ်လို့ မစုမေသွင်ရဲ့ Supervisor လည်းဖြစ် ကျောင်းတွင်း အုပ်ထိန်းသူလည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်လွင်လွင်မြင့်က ဧရာဝတီ ကို ပြောပြပါတယ်။
“သူ့ရဲ့ Thesis Area က ပြည်မြို့ မှော်ဇာဘက်က အပင်တွေကို Collect လုပ်တာလည်းပြီးပြီ။ စာလည်း နိုင်နင်းတယ်။ အခု ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သူ့ရဲ့Thesis ကို စစ်တော့မှာ။ ကလေးက စာတော်တယ်။ အနေအထိုင် ရိုးအေးတယ်။ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ ပြောစရာ မရှိဘူး”လို့လည်း ဒေါက်တာ ဒေါ်လွင်လွင်မြင့်က ပြောပါတယ်။
အဲဒီလို စီးပွားရေးလည်း အဆင်ပြေ၊ ပညာရေးလည်း အဆင်ပြေပေမယ့် မစုမေသွင်တယောက် အချစ်ရေးမှာတော့ ပြဿနာတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
“တီချယ်တို့ သူ့ကောင်လေးကို စုမေသွင် ဆုံးပြီး နောက်နေ့မှာ မေးမြန်းကြည့်တော့ သူမဆုံးခင် တရက်အလိုမှာ ဖြတ်တော့မယ်လို့ ပြောခဲ့လိုက်မိတယ်တဲ့။ ဒါပေမယ့် သူတို့အဆင်မပြေဖြစ်တာ ၂ လလောက် ရှိပြီ။ နဝဒေး တံတားပေါ်က ခုန်ချမယ်လို့ သူ့ကောင် လေး နဲ့ သူ့သူငယ်ချင်းတွေကို ပြောတာ ၄ ခါ ၅ ခါ မကတော့ဘူးတဲ့။ သူတကယ် ခုန်ချခဲ့တော့ သူ့သူငယ်ချင်းတွေက သိပ်မထူး ဆန်း သလို ပြောပြကြတယ်”လို့ ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က ပြောပါတယ်။
မစုမေသွင်က အသက် ၂၃ နှစ် ရှိပြီး သူ့ရဲ့ကောင်လေးကတော့ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဒုတိယနှစ် ကျောင်းသားလေး တယောက် ဖြစ်ကြောင်း သိရပါတယ်။
ပါမောက္ခ ဒေါ်မီမီရှိန်မြင့်က “နာရေးအိမ်ကို တီချယ်တို့သွားတော့ သူ့အလောင်းစင်နားမှာ သိုက်ပွဲပေးထားတယ်။ သူက သိုက်က လာတာဖြစ်လို့ သိုက်ဆက်ဖြတ်တယ်လို့ ပြောတယ်။ မိဘတွေခမျာ တီချယ်တို့နဲ့တောင် စကားကောင်းကောင်း မပြောနိုင်ရှာပါဘူး။ ၇ နှစ်လောက် ပြည်တက္ကသိုလ်မှာ ကျောင်းတက်လာတဲ့သူဆိုတော့ တီချယ်တို့ဌာန ရုက္ခဗေဒမိသားစုကလည်း လာမယ့်တနင်္လာနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ ကျောင်းမှာသူ့အတွက် ရက်လည် လုပ်ပေးဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။
မစုဝေသွင် သေဆုံးခဲ့တဲ့နေ့က နဝဒေးတံတားပေါ်ကို သူတယောက်တည်း လမ်းလျှောက်လာပြီး တံတားတိုင် ၂ နဲ့ ၃ ကြားမှာ ခုန်ချခဲ့တာ ဖြစ်တယ်လို့ နဝဒေးတံတား ရဲကင်းက ရဲအုပ် စံရွှေမြင့်က ပြောပြပါတယ်။
“တံတားပေါ်ကို ပြည်-ရန်ကုန် လမ်းဘက်ကနေ တယောက်တည်း တက်လာတယ်။ ပြီးတော့ တိုင် ၂ နဲ့ ၃ ကြားရောက်တော့ ခုန်ချ တယ်။ ပတ်ကင်းလှည့်နေတဲ့ ကျနော်တို့ဆီက ရဲဘော်က လှမ်းမြင်လိုက်တယ်။ သူ့ဟာသူ ခုန်ချသွားတာပါ။ တားဖို့အချိန် မမီလိုက် ဘူး။ သူခုန်ချတဲ့ နေရာမှာ သူ့အိတ်လေးကို ထားခဲ့လို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာသိပြီး ဆက်သွယ်ရတာ။ စုံစမ်းကြည့်တော့ သူ့ကောင်လေးနဲ့ အဆင်မပြေလို့ ဖြစ်တယ်ဆိုတာလောက်ပဲ သိရတယ်”လို့ ရဲအုပ်စံရွှေမြင့်က ပြောပါတယ်။
မစုမေသွင်ရဲ့ ကျောင်းမှတ်တမ်းတွေအရ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကျောင်းသားတွေ ပြည်တက္ကသိုလ်ကို လာရောက်ချိန်မှာ ကျောင်းထဲကနေ နဖူးစီးကိုစီးပြီး ပထမဆုံးထွက်ခဲ့တဲ့ ကျောင်းသူတဦး ဖြစ်တယ်လို့ သိရပြီး ဖခင်နဲ့ဆိုင်ကယ်စီးရင်း စကားများလို့ ဆိုင်ကယ်ပေါ်က ခုန်ချတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။