အင်ဒိုနီးရှားနိုင်ငံ အမ်ဘုံကျွန်းရှိ ငါးဖမ်းစက်လှေများပေါ်သို့ ထိုင်းနိုင်ငံမှတဆင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာငါးဖမ်းလုပ်သားများမှာ ဒုက္ခရောက်နေသဖြင့် မြန်မာအစိုးရ၏ အကူအညီဖြင့် ၎င်းတို့ကို အမြန်ဆုံးကယ်ဆယ် ပေးစေလိုကြောင်း ယင်းလူကုန်ကူးခံထားရ သူများက ဧရာဝတီသို့ ပြောသည်။
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှ အင်ဒိုနီးရှားနိုင်ငံ ငါးဖမ်းစက်လှေများသို့ လူကုန်ကူးခံခဲ့ရသည့် ကိုဇော်ဆိုသူက“ကျနော်တို့တွေ စားဝတ်နေရေး ဒုက္ခရောက်နေလို့ သံရုံးကိုသွားပြီး ကိုလွင်ဦးဆိုသူကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် အခုထိ အကြောင်း မပြန်ဘူး”ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံမှ အစိုးရ တာဝန်ရှိသူများကလည်း ၎င်းတို့ဆီက နေရပ်လိပ်စာ၊ မိဘလိပ်စာများ တောင်းယူထားပြီး ဖြစ်သော်လည်း ထူးခြားမှု မရှိသေးကြောင်း၊ သို့သော် တခြားသူများ မြန်မာပြည်ပြန်ခွင့် ရကြသော်လည်း ၎င်းတို့အုပ်စုမှာ ကျန်နေခဲ့ကြောင်း၊ ယခုလက်ရှိ နေရသောအိမ်မှာလည်း အဆင်မပြေတော့သဖြင့် ရသည့်အလုပ် ထွက်လုပ်နေရကြောင်း ကိုဇော်က ပြောသည်။
ကိုဇော် အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့မှ အသက် ၁၈ နှစ်၊ ၂၃ နှစ်၊ ၂၈ နှစ်၊ ၃၀ နှစ်အရွယ် မြန်မာငါးဖမ်းလှေလုပ်သား ၂၁ ဦး ဒုက္ခရောက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ၂၁ ဦးသည် ထိုင်း နိုင်ငံ မဲဆောက်မြို့မှတဆင့် အင်ဒိုနီးရှားနိုင်ငံ အမ်ဘုံကျွန်းပေါ်ရှိ ငါးဖမ်းစက်လှေများထံတွင် ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“နေဖို့အိမ်က အင်ဒိုဘက်က စီစဉ်ပေးထားတာ။ အခုတော့ အဆင်မပြေတော့ဘူး။ မြန်မာပြည်ဘက်ကနေ ထိုင်းနိုင်ငံကို ဝင်တယ်။ အဲဒီ ကနေ အင်ဒိုနီးရှားဘက်ကို ရောက်တယ်။ ကျနော်တို့တွေ ရောင်းစားခံရမှန်း ကျွန်းပေါ်ရောက်ပြီး ၁ လလောက်မှာ သိခဲ့ရတယ်။ အဲဒီ ငါးဖမ်းစက်လှေက လစာလည်း မပေးဘူး။ နင်တို့ကို ခေါ်လာတဲ့သူကို ပေးပြီးသားလို့ ပြောတာနဲ့ အဲဒီလှေကထွက်ပြီး ရတာ လုပ်စား နေရတာ ကြာပြီ”ဟု ကိုဇော်က ဆက်ပြောသည်။
မြန်မာအစိုးရက အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းများပေါ်သို့ လူကုန်ကူးခံရသူများ အရေးကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် International organization of Migration (IOM) က ပူးပေါင်းဆောင်ရွက်ပြီး ထိုအချက်အလက်များကို မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသား မှန်ကန်မှု ရှိ/မရှိ စိစစ်နေကြောင်း သိရသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့မှ ရဲမှူး ရဲဝင်းအောင်က“မြန်မာနိုင်ငံသား မှန်ကန်ရင် သံရုံးက ဆက်လက် လုပ်ဆောင် ပေးမှာ ပဲ။ အဲဒီကိစ္စကို တိုက်ရိုက်ကိုင်တွယ်တာက နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံရုံးနဲ့ IOM က ကိုင်တွယ်တယ်။ မြန်မာနိုင်ငံသားမှန်ရင် CI ထုတ် ပေးတယ်။ အထောက်အထားတွေအားလုံး မှန်ကန်ရင် ပြန်ပို့ပေးမှာပါ။ တချို့က အချက်အလက် မမှန်ဘူး။ လိပ်စာအမှားတွေ ပေးတယ်။ ခေါ်လာခါနီး လေဆိပ်ရောက်ကာမှ ထွက်ပြေးတာတွေကလည်း ရှိသေးတယ်”ဟု ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ အင်ဘုံနှင့် ဘန်ဂျီးနားကျွန်းများပေါ်ရှိ ငါးဖမ်းစက်လှေများတွင် ထိုင်းနိုင်ငံမှတဆင့် လူကုန်ကူးခံခဲ့ရသည့် မြန်မာရေ လုပ်သားများကို ၂၀၁၅ ခုနှစ်အတွင်း ၁,၁၀၀ ဦး နှင့် ၂၀၁၆ ခုနှစ်တွင် ဖေဖော်ဝါရီ အထိ ၇၁ ဦး စုစုပေါင်း ၁,၁၇၁ ဦးကို ကယ်တင်ခဲ့ ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့မှ သိရသည်။