“မဘသ” အဖွဲ့ မလိုအပ်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်ကို အစိုးရအနေဖြင့် တောင်းပန်ရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က တောင်းဆိုထားသော်လည်း ဖြေရှင်းရန် အကြောင်းမရှိဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
ဦးဝင်းထိန်က “ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြီးတဲ့အမှု ငယ်အောင်၊ ငယ်တဲ့အမှု ပပျောက်အောင် ဒီသဘောမျိုးပဲ ထားတယ်။ ခေါင်းထဲ သိပ်မထည့်ဘူး။ သူများတွေလာပြောလို့ ဘာညာ၊ ဒါကို အရေးတယူ ခေါင်းထဲထည့် လုပ်စရာအကြောင်း မရှိဘူး။ ကိုယ့်မူနဲ့ ကိုယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လည်း ပါတယ်။ NLD ပါတီမှာလည်း မူရှိတယ်” ဟု ဦးဝင်းထိန်က ပြောသည်။
NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ယနေ့ ညနေပိုင်းတွင် ၎င်းနေထိုင်ရာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ လာရောက်မေးမြန်းသည့် မီဒီယာများကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
NLD ပါတီတွင် ဘာသာရေးနှင့် နိုင်ငံရေး မရောထွေးရဆိုသည့် မူချမှတ်ထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး လမ်းစဉ်၊ စီးပွားရေး လမ်းစဉ်၊ ငြိမ်းချမ်းရေး လမ်းစဉ်များ ဖြောင့်ဖြူးရန်သာ အဓိကဖြစ်ပြီး ကျန်ကိစ္စများသည် အသေးအဖွဲကိစ္စများသာ ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။
“အခု ဒီနိုင်ငံတည်ဆောက်မှု အတွက် ဒေါ်အောင်ဆန်းစုကြည်က လိမ္မာပါးနပ်စွာနဲ့ ချီတက်နေတဲ့အချိန်မှာ ဒါမျိုးတွေလောက်နဲ့ ထည့်ပြီး အရေးတယူလုပ်လေ့ မရှိဘူး” ဟု ဦးဝင်းထိန်က ပြောသည်။
သူက ဆက်လက်၍ “မန္တလေး ထောင်မှာနေတုန်းက ဆရာတော် ဦးဝီရသူ အဲဒီမှာရှိတယ်။ သူရှိမှန်းလည်း သိတယ်။ ကျနော် ရှိမှန်းလည်း သိတယ်။ သူနဲ့ရင်းနှီးအောင် မကြိုးစားခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူရေးတဲ့ စာအုပ် ဖတ်ကြည့်တဲ့အခါ အင်မတန် အစွန်းရောက်တယ်။ တိုင်းပြည်အတွက်ရော ပြည်သူအတွက် ဘာမှ အကျိုး မရှိဘူးဆိုတဲ့ ဝါဒကို သိတဲ့အတွက်ကြောင့် သူ့ကို လုံးဝကို မိတ်ဆွေ မဖွဲ့ခဲ့ဘူး။ အခုလည်း မိတ်ဆွေဖွဲ့စရာ အကြောင်းမရှိဘူး။ သူဟာသူ လုပ်ချင်ရာလုပ်၊ ပန်းနဲ့ပေါက်တယ် အောက်မေ့တယ်။ ပန်းနဲ့မပေါက်လည်း ပေါက်ပေါက်နဲ့ ပေါက်ပေါ့”ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ဘာသာရေးနှင့် နိုင်ငံရေးကို တရားဝင် ခွဲခြားထားကြောင်း၊ မဘသအနေဖြင့် ဥပဒေအတိုင်း လုပ်ဆောင်ပါက ဥပဒေအတိုင်း ဖြစ်ရမည်ဖြစ်၍ မလုပ်ဆောင်ပါကလည်း ဒေသဆိုင်ရာ အာဏာပိုင်များက ထိန်းကျောင်းသွားလိမ့်မည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောဆိုခဲ့သည်။