ထိရောက်အားကောင်း ဒီမိုကရေစီသည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုရေချိန်နှင့် နီးနီးစပ်စပ် ချိတ်ဆက်နေ၏။ ထို့ ကြောင့်လည်း လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း (HDI) က ထိရောက်အားကောင်း ဒီမိုကရေစီတွင်းမှ ကိစ္စရပ်အဖုံဖုံတို့၏ ၆၀ ရာခိုင်နှုန်းကို ပြည့်ပြည့်ဝဝ ရှင်းပြပေးသည်။ တနည်းပြောရပါက HDI ရှင်းပြချက်သည် ရွေးကောက်ပွဲဒီမိုကရေစီကို ပြသခြင်းထက် နှစ်ဆခန့်သော အမျိုးအမည်စုံကို ဖော်ကျူးထားသည်။
ရှင်းအောင်ဆိုရလျှင် မည်သည့်ဒေသမှ မည်သည့်နိုင်ငံမဆို ရွေးကောက်ပွဲ ဒီမိုကရေစီ တည်ထောင်နိုင်၏။ သို့သော်ငြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် (သို့မဟုတ်) ကာလကြာရှည် တည်တံ့စေရန်အတွက်မူ အီလစ်တို့၏ ပါဝါကို ပြည်သူလူထုထံ မလွှဲပြောင်းသေးသမျှ ဖြစ်နိုင်မည်မဟုတ်။
ထိရောက်အားကောင်း ဒီမိုကရေစီနိုင်ငံတော် (များ) အတွင်း ဖြစ်တည် ရှင်သန်စေခြင်းသည် လူ့အဖွဲ့အစည်းဆိုင်ရာ လူမှု အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ခြင်း ဆက်စပ် အခြေအနေတရပ်အပေါ် ထပ်တူနီးပါး တည်မှီ ကျရောက်နေသည်။ ထိုအထဲတွင် စီးပွားရေး အရင်းအမြစ်များသာမက ပြန့်အားကောင်းသော ပူးပေါင်းဆောင်ရွက်မှု အလေ့အထများနှင့် လူထုအတွင်း မိမိကိုယ်ကို အစိုးရမှုအပေါ် အာရုံစိုက်စွဲမြဲမြှင့်တင်စေခြင်းလည်း အပါအဝင်ဖြစ်နေပါသည်။
လူသား – လုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်မှု သုံးဆင့်အပေါင်းအစပ်
ဒီမိုကရေစီဟူသည် ပြည်သူလူထု (လူတွေ) ထဲတွင် ပါဝါ ကျယ်ပြန့်ကြီးမား စီးမျောပျံ့နှံ့နေမှသာ ထိထိရောက်ရောက် အားကောင်းမောင်းသန် ဖြစ်တည်နိုင်ပါသည်။ လူသားလုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်မှုကို စိတ်ဖြာကြည့်ကြရာ၌ အကြောင်းတရားသုံးပါး တွဲဆက်ဖြစ်တည်နေကြောင်း ဝိသေသ လက္ခဏာတရပ်ကိုလည်း ထုတ်ပြပါမည်။
လှုပ်ရှားဆောင်ရွက် လုပ်ကိုင်မှု အရင်းအမြစ်များ၊ မိမိကိုယ်တိုင် ကိုယ်ပိုင်ဖော်ထုတ်မှုစံတန်ဖိုးများနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများဟူသော အကြောင်းခြင်းရာ ၃ ရပ်ဖြစ်သည်။ ထိုအကြောင်းတရား အစိတ်အပိုင်း တရပ်ချင်းစီ အနေဖြင့် မတူညီသော ရေချိန်တခုအပေါ်၌ လူတွေကို လုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်ပေးကြသည်။
လှုပ်ရှားလုပ်ကိုင်ဆောင်ရွက်မှု အရင်းအမြစ်များတွင် ရုပ်ဝတ္ထုရင်းမြစ်များအပြင် ပညာရေးနှင့် ကျွမ်းကျင်မှု (များ) ကဲ့သို့ သိမြင်မှုရင်းမြစ်များ ပါဝင်သည်။ လူတွေ ကိုယ့်ဘဝကိုယ် အစိုးရရ စီမံနိုင်စေသော ကိစ္စရပ်များဖြစ်သည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးဆိုရာ၌ လူများ၏ စီးပွားရင်းမြစ်တို့ တိုးပွားခြင်းသာမက ပညာရေးရေချိန် မြှင့်တင်မြင့်တက်နိုင်စေခြင်းနှင့် လွတ်လွတ်လပ်လပ် တွေးခေါ်ကြံဆ ဖန်တီးယူနိုင်သော သက်မွေးဝမ်းကျောင်း လုပ်ကိုင်နိုင်မှုနှင့် နိုင်ငံရေး၌ပါ ပိုမိုသိမြင် နှံ့စပ် ပါဝင်ဆောင်ရွက် လာနိုင်မှုတို့လည်း အကျယ်တပြန့်ပါဝင်သည်။
လူထုစံတန်ဖိုးများနှင့် အကျင့်စရိုက်ကောင်းတို့သည်လည်း အရေးကြီးသော အခန်းကဏ္ဍတွင် ပါရှိ၏။ ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး (World Values Survey) အချက်အလက် တိုင်းတာရာတွင် နေရှင်နယ် အဆင့်ရရှိသော ဒေတာများကို ခွဲခြမ်းသုံးသပ်ကြည့်ကြရာမှ လူ့အဖွဲ့အစည်းတို့၏ ထုတ်ဖော်မှုကို ရရှိလာခဲ့သည်။
အမျိုးသားအဆင့် ဖြတ်ကျော်လွှမ်းခြုံ၍ အကျယ်တဝင့် လေ့လာမှုတရပ်ချင်းစီအရ အဓိက ဒိုင်မင်းရှင်းနှစ်သွယ်ပုံစံ ပြုကြည့်ရာ တန်ဖိုးစံများကို နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘဝဟူ၍ ထည့်သွင်းပါဝင်စေသည်။ ပထမဒိုင်မင်းရှင်းမှာ စိုက်ပျိုးရေးမှ စက်မှုလူ့အဖွဲ့အစည်းဆီသို့ အကူးအပြောင်းကို ထင်ဟပ်ရိုက်ခတ်သည်။ ဒုတိယ ဒိုင်မင်းရှင်းကို “သက်ရှင်ရပ်တည် ရှင်ကျန်မှုနှင့် ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများ” ဟု ခေါ်ဝေါ်ပြီး စက်မှုခေတ်လွန် လူ့အဖွဲ့အစည်းအဖြစ် မြင့်တက်မြှင့်တင် ရေးကို ဆက်စပ် ချိတ်ဆက်ပေးခြင်းဖြစ်သည်။
လူ့အဖွဲ့အစည်းများ အနေဖြင့် ကိုယ်ပိုင်ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများကို အထူးပြုလုပ်ဆောင်ပါက ကိုယ်တိုင်ဖော် ထုတ်ချက်အား ဦးစားပေးချက်မြင့်မားလာစေသည်။ ယင်းလုပ်ရပ်က လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးကို ရှေးရှုဦးတည် ပူးပေါင်း ပါဝင်ဆောင်ရွက်မှု ဖြစ်ထွန်းစေပြန်သည်။ လူမှုလိင် တန်းတူညီမျှမှုကို ထောက်ကူပြုစေသည်။ တဆက်တည်း၌ နိုင်ငံခြားသားများအပေါ် သဘောထားကြီးကြီး ထားနိုင်ခြင်း၊ လိင်တူဆက်ဆံသူများနှင့် ဘေးဖယ်ထုတ်ခံ အုပ်စုများ အပေါ်လည်း သိမှတ်ပြု စာနာလာစေနိုင်သည်။ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာအပြင် လူ့ပတ်ဝန်းကျင်ကို၌ပါ ယုံကြည်မှုစိတ်ချမှု ဖြစ်ထွန်းစေသည်။
လူ့အဖွဲ့အစည်းများ အနေဖြင့် တခြားတဖက်၌ ရပ်တည်ရှင်သန်မှု စံတန်ဖိုးများကို အထူးပြု ဆောင်ရွက်ပါက ဖော်ပြခဲ့သော နယ်ပယ်များ တရပ်စီအတွင်း မတူသော နှစ်ခြိုက်ရွေးချယ်မှု၊ အပြိုင်ဖြစ်မှုတို့အပေါ် နားလည်သိမြင်စာနာမှု တိမ်းညွတ် ဦးလှည့်လာစေသည်။ ကိုယ်တိုင်ကိုယ်ပိုင် ဖော်ထုတ်မှု စံတန်ဖိုးများကို အလေးဂရုပြု ပြောဆိုချက် မြင့်မားလာခြင်းသည် အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ လွတ်လပ်မှု (များ)၊ လူမှုလိင် တန်းတူညီမျှမှု၊ တုံ့ပြန်အားကောင်း အစိုးရဖြစ်ရေးတို့အတွက် လိုလားတောင်းဆိုချက် တိုးမြင့်လာစေသောကြောင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ တည်ထောင်၍ ရေရှည် တည်တံ့ ခိုင်မာစေရန် အကူအညီများစွာ ဖြစ်စေသည်။ ဤစံတန်ဖိုးများ ဒီမိုကရက်တိုက်ဇေးရှင်း၌ အရေးကြီး အခန်းကဏ္ဍဖြစ်နေ ရခြင်းမှာ တဦးချင်းစီ၏ ကိုယ်ပိုင်ဘဝ လွတ်လပ်စွာရွေးချယ်ခွင့် ဦးစားပေးမှု မြင့်မားစေသောကြောင့်ပင် ဖြစ်သည်။
ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အနေဖြင့် ပြည်သူလူထု (လူတွေ) ကိုယ်ပိုင်သီးသန့် ဘဝများကဲ့သို့ တဦးချင်း ပုဂ္ဂလိက ဘဝအပေါ် ကိုယ်တိုင်လွှမ်းမိုးနိုင်ကြစေရန် အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးများကို အပ်နှင်းပေးသည်။ ဤအခြင်းအရာများ အတူတကွ ဖြစ်တည်ခြင်းက လူသားလုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်မှု၊ တနည်း လူတွေစွမ်းသရွေ့ လုပ်ပိုင်ခွင့်ကို ပိုမို ရေရာအောင်ဖြစ်ပေါ်စေသည်။
အကျိုးဆက်အရပြောလျှင် ထိရောက်အားကောင်း ဒီမိုကရေစီသည် လူ့အဖွဲ့အစည်းများအတွင်း လှုပ်ရှားဆောင်ရွက်မှု၊ ရင်းမြစ်များ ထမ်းဆောင်ခြင်း၊ အင်အားကောင်းသော ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများနှင့်အတူ ရှာဖွေတွေ့ရှိ ပိုင်ဆိုင်နိုင် ကြရေးပင်ဖြစ်သည်။ အရင်းအမြစ်များ ရေချိန်မြင့်တက်မှုက အီလစ်များ၏နေရာကို လူတွေပိုဝင်ရောက်လာနိုင်ဖို့ ဖိအား တရပ်အဖြစ် လုပ်ကိုင်နိုင်စွမ်းလည်း တိုးတက်လာစေပါသည်။
အရင်းအမြစ်များကို ကောင်းစွာသယ်ပိုး ဆောင်ရွက်အသုံးပြုခြင်းဖြင့် ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများကို အကြီးအမြတ် အလေးဂရု ပိုပြုလာစေရာလည်း ရောက်သည်။ နိုင်ငံရေး လွတ်လွတ်လပ်လပ် ရွေးချယ်ဆောင်ရွက်နိုင်ခြင်းကိုလည်း ပို၍ အလေးအမြတ် ပြုလာကြစေရာ၌ လူထုဦးဆောင်မှု ပိုမြင့်မားလာစေသည်။ အီလစ်များအတွက် ထိရောက်အားကောင်း ဒီမိုကရေစီကို တောင့်ခံနိုင်ရန် ခက်ခဲလာစေမည်လည်း ဖြစ်သည်။
လူသားလုပ်ပိုင်ခွင့် တိုးမြှင့်လွှဲအပ်မှု၊ တနည်း၊ လူတွေစွမ်းသရွေ့ လုပ်ပိုင်ခွင့် အကျိုးသွားအစီအစဉ်၌ အကြောင်းရင်း ၂ ပါး ဆက်စပ်ချက်အပေါ် အခြေပြု တည်ဆောက်ထားသည်။ ပထမအကြောင်းရင်း စီးပွားရေးဖွံ့ဖြိုးမှုက သာမန်ပြည်သူလူထု၏ အရင်းအမြစ်များကို တိုးတက်မြင့်မားစေသည်။ ကိုယ်ပိုင်ထုတ်ဖော်မှု စံနှုန်းတန်ဖိုးများ ပေါ်ထွက်စေအောင် ဦးဆောင်ဦးရွက် ပြုပေးသည်။ ကောင်းမြတ်မှုအရဆိုလျှင် မည်သူမဆို လွတ်လပ်ခြင်းနှင့် ကိုယ်တိုင်အစိုးရရ ဆောင်ရွက်နိုင်ခြင်းတို့ကို လိုချင်သည်။
သို့သော်ငြား လူတို့၏ ဦးစားပေးချက်များမှာ ၎င်းတို့၏ လူမှုစီးပွားအနေအထားများကို သက်ရောက် ရိုက်ခတ် နေကြသောကြောင့် ၎င်းတို့အပေါ် ဖိစီးမှု အကြီးမားဆုံး လိုအပ်ချက်များက ၎င်းတို့ အမြင့်မားဆုံး ရည်ရွယ်သည့် တန်ဖိုးနေရာ၌ အပြုခံသဘော ဝင်ရောက်နေရာယူ ခံနေရသည်။ ရုပ်ဝတ္ထုလောက်ငှရန်နှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတို့က သက်ရှင်ရပ်တည်ရေး အတွက် ဦးစားပေး လိုအပ်ချက်များ စဖြစ်လာခဲ့စဉ်ကတည်းက လူတွေ ကိုယ့်ဦးစားပေးကို ကိုယ်တိုင် သတ်မှတ်လာကြသည်မှာ စိုးရိမ်စိတ် ကြီးစိုးခံ အခြေအနေများအောက် မနေရရေး ဖြစ်လာ၏။
အသီးအပွင့် အကျိုးအမြတ်တို့ကို ဝေမျှခံစားခွင့် (ရှိသည်ဟု သိမြင်လာကြပြီး ထိုအယူအဆ) ကြီးမားလာခဲ့သည့် အခါတွင်တော့ ပြည်သူလူထုအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်အစိုးရရ နေထိုင်ပိုင်ခွင့် ၊ ကိုယ်တိုင်ထုတ်ဖော်ခွင့် စံတန်ဖိုးများတို့ကို အလေးဂရုပြု ဆန်းစစ်လာကြတော့သည်။
လူတို့သည် ရှေ့ဆက်၍လည်း ၎င်းတို့ စွမ်းဆောင်နိုင်ရည် (များ) ကို ဘယ်လောက် ဘယ်လို စိတ်လက်ပေါ့ပါး သက်ဝင်စွာ ဖြစ်ထွန်းစေမည်လဲ ဆိုခြင်း၌ သက်ဝင်ကြံဆ ဆောင်ရွက်လာကြသည်။ အရင်းအမြစ် (များ) လိုအပ်ချက်တို့ ဖူလုံလာသော အခါ လက်တွေ့အရှိတရား၏ လေ့ကျင့်ပေးနိုင်မှုကြောင့် ဒီမိုကရေစီနည်းကျ လွတ်လပ်ခြင်းများကိုပါ ဖော်ဆောင်ယူနိုင် သည်အထိ အားထုတ်နိုင်ချိန် ရောက်လာတော့သည်။ ထို့ကြောင့်လည်း လူ့အဖွဲ့အစည်းတရပ်၏ အရင်းအမြစ်(များ) ရေချိန်သည် နိုင်ငံတနိုင်ငံမှ ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ထုတ်ဖော်မှု စံတန်ဖိုးများကို ဘယ်လောက် အားကောင်းသန်မာ အလေးဂရုပြုလာကြသည်လဲ ဆိုသည့်အပေါ်မူတည်၍ စံကွဲပြောင်းလဲမှုများ၏ ၇၇ ရာခိုင်နှုန်း အထိရှိကြောင်း ထိုလူ့အဖွဲ့ အစည်းကပင် ထုတ်ဖော်ပြသလာပါတော့သည်။
ဒုတိယအကြောင်းရင်း – လူ့အဖွဲ့အစည်း (များ) အတွင်း ထိရောက်အားကောင်း ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ပေါ်ထွန်းလာမှုသည် ကိုယ်ပိုင်ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများကို အလေးဂရုပြု ဆောင်ရွက်ကြခြင်းမှ ဆက်စပ် ဖြစ်တည်လာသည်။ ဒီမိုကရေစီကို ဘယ်လောက် ဘယ်လိုဆန္ဒရှိသလဲ၊ အားကောင်းသော လူများစုက အထူးပြုကြသည်လား၊ ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများ နိုင်ငံ (များ) အတွင်း အားပျော့နေသည့်တိုင် တကယ်လိုချင်၊ ဖြစ်ချင်ကြသလား စသော စစ်တမ်း ကောက်မေးခွန်းတို့အပေါ် တုံ့ပြန်မှုတွင် ပေါ်ထွက်လာမှုတို့ကို တွေ့ရ၏။
ဤကိစ္စရပ်မျိုးများ၌ ကိုယ်တိုင်ကိုယ်ပိုင် ဖော်ထုတ်မှုအပေါ် ဦးစားပေးနေရာချမှု၊ ကျမှုနှင့် နိုင်ငံရေးဆောင်ရွက်ချက်၌ ပါဝင် ဆွေးနွေးမှု သဘာဝ ကိန်းဂဏန်းများဆိုင်ရာ အချက်နှစ်ချက်လုံး ယှဉ်တွဲဆက်စပ် အားပျော့နေတတ်ကြသည်။ လူထု ပိုနှစ်ခြိုက် ရွေးချယ်ချက်ကို အီလစ်တို့ လစ်လျူရှုစေရာ ရောက်သွားပါတော့၏။
ဤအချက်က အီလစ်တို့ကို လိုအပ်ချက်ကျကျ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများမှ တဆင့်ခံ အကာအကွယ် ပေးရာတော့ မရောက်ပါ။ ပြင်ပလှုပ်ရှားသူများ၏ ဖိအားက ၎င်းအီလစ်တို့ကို ဤသို့ ခပ်သွက်သွက် လုပ်ကိုင်ဖြစ်စေခြင်း မျိုးသာ ဖြစ်ပြန်သည်။ သို့သော် ဤ အင်စတီကျူးရှင်းများ အားကောင်း ထိရောက်စေရန် အီလစ်တို့ အပေါ် ပြည်တွင်းဖိအား (များ) မပေးနိုင်ပါက ခြစားခံရတော့ဖို့ များနေပြန်၏။
ဒီမိုကရေစီသည်လည်း အားမကောင်း၊ မထိရောက်၊ နေမြဲအတိုင်း ရှိနေတတ်စေပြန်ပါ၏။ ထိုတွေ့ရှိချက်ကို လက်တွေ့ သာဓကတို့ကလည်း သေချာထောက်ပြကြသည်။ လူတွေ ဒီမိုကရေစီဖြစ်ချင်၊ လိုချင်ကြသော်လည်း ဖြစ်ချင်စိတ် ရှိရုံမျှဖြင့်တော့ ထိရောက်အားကောင်း ဒီမိုကရေစီအဆင့်သို့ ဆက်စပ်အကြောင်းရင်း၂ ချက် အရ ၂၀ ရာခိုင်နှုန်းသာ ရောက်ရှိနိုင်ခဲ့ကြပြီး၊ ကိုယ်တိုင်ထုတ်ဖော်မှု စံတန်ဖိုးများကို အထူးဂရုပြုဆောင်ရွက်သော လူထုတရပ်တည်ရှိမှသာ ၁၉၉၀ ပြည့်နှစ်များမှ စတင်ခဲ့သောနိုင်ငံတို့၌ ၂၀၀၀-၂၀၀၂ ခုနှစ်အရောက် ၈၁ ရာခိုင်နှုန်း ရောက်ရှိလာကြောင်း စစ်တမ်းများက လက်တွေ့ ပြသခဲ့ သည်။
(ဆက်လက်ဖော်ပြပါမည်)
(ခရစ္စတီယန် ဝယ်လ်ဇယ် (Christian Welzel) သည် ဂျာမနီနိုင်ငံ၊ ဘရီမင်းမြို့၊ ဂျက်ကော့ဘ်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်သည်။ ရော်နယ်အင်း ဂဲဟာ့တ် (Ronald Inglehart) သည် မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်း ကောက်ယူရေး ဒါရိုက်တာလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ထုတ် “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲနှင့် ဒီမိုကရေစီ” စာအုပ်ကို ခရစ္စတီယန်ဝယ်လ် ဇယ်နှင့် ရော်နယ် အင်ဂဲဟာ့တ်တို့ ပူးတွဲရေးသားခဲ့ပြီး တခြားထင်ရှားသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။ Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)