တံတားမူလီများပြုတ်ထွက်ပြီး လေးလက်မခန့်နိမ့်ကျသွားခဲ့သည့် ပုသိမ်ကြိုးတံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ လမ်းတံတားအထူးအဖွဲ့ (၁၀) က တာဝန်ယူပြန်လည် ပြင်ဆင်နေကြောင်း သိရသည်။
“အဓိကက ရာသီဥတုကြောင့် ဘယ်ဟာဒင်ဗို့လို့ခေါ်တဲ့ တံတားအထိုင်တွေ နှစ်ကြာလာတဲ့အတွက် ယိုယွင်းပျက်စီးတာပေါ့။ ပြင်ဆင်ချိန် ၂ ပတ် လောက်တော့ ကြာပါမယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ လမ်းတံတားအထူးအဖွဲ့ (၁၀) မှ ဒုညွန်ကြားရေးမှူး ဦးမျိုးဝင်းက ဧရာဝတီကို ပြောသည်။
တံတားဘေလီဆွဲ မူလီဂျက်များ ပြုတ်ထွက်၍ နိမ့်ကျမှုများဖြစ်ခဲ့သည့် ပုသိမ်ကြိုးတံတားအား လမ်း၊တံတား ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒီဇိုင်နာများ လာရောက်စစ်ဆေးခဲ့ပြီး တံတားပြန်လည်ပြင်ဆင်ရန် တန်ချိန် ၁၀၀ နှင့် ၂၀၀ ကြားရှိ အဆင်ပြေမည့် မူလီဂျက်များကို သံမဏိစက်ရုံမှ မှာယူထားကြောင်း ဧရာဝတီတိုင်းဒေသကြီး လမ်း၊တံတားဦးစီးဌာနက ပြောသည်။
“တံတားပြင်ဆင်ဆဲ ကာလဖြစ်လို့ တန် ၆၀ အထက် ကားတွေတော့ ဖြတ်သန်းခွင့်မပြုပါဘူး။ တန် ၃၀ နဲ့ အောက်ယာဉ်တွေပဲ ဖြတ်ခွင့်ပေးထားပါတယ်။ တန်ချိန်ကိုလည်း တံတားအဆင်းအတက် တိုးဂိတ်တွေမှာ စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပေးပါတယ်”ဟု လမ်း၊တံတားဦးစီးဌာနမှ အင်ဂျင်နီယာ ဦးအေးဝင်းက ပြောသည်။ ယခင်က တန် ၆၀ အောက်ယာဉ်များအား တံတားမှ ဖြတ်သန်းမောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
တံတားစတင် နိမ့်ကျခဲ့သည့် ဖေဖေါ်ဝါရီလ ၇ ရက်က ခရီးသည်တင် ယာဉ်ကြီးများပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည်များကို တံတားပေါ်တွင် လမ်းဆင်းလျှောက် ဖြတ်သန်းစေခဲ့ပြီး နောက်ပိုင်းရက်များတွင် ခရီးသည်တင်ကားကြီးများကို မောင်းနှင်သွားလာခွင့် ပေးထားကြောင်း အင်ဂျင်နီယာ ဦးအေးဝင်းက ဆိုသည်။
တံတားကြံခိုင်မှုနှင့် ပတ်သက်ပြီး ပုသိမ်မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာမှူး ဦးရဲဝင်းအောင်က “အမှန်တကယ်တော့ တံတားကို ၆ လ တခါပဲဖြစ်ဖြစ် တနှစ်တခါဖြစ်ဖြစ် စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ အဲ့ဒီလို စစ်ဆေးမှု ပုံမှန်လုပ်ရင်တော့ နောက်ပိုင်းမှာ ဒါမျိုးဖြစ်စဉ်တွေကို ရှောင်ရှားနိုင်မှာပါ”ဟု ပြောဆိုသည်။
ပုသိမ်ကြိုးတံတားသည် ပုသိမ်မြို့နှင့် အနောက်ဘက် ကမ်းခြေဒေသများဖြစ်သည့် ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံမြို့၊ ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်းမြို့၊ သာပေါင်းမြို့နှင့် အနီးအနားကျေးရွာများသို့ ဆက်သွယ်ထားသည့် တခုတည်းသော တံတားကြီၤးဖြစ်သည်။
ငဝန်မြစ်ကူး ပုသိမ်ကြိုးတံတားအား ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တံတား၏အရှည်မှာ ၂၁၄၀ ပေရှိပြီး ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ လူသွားလမ်းတဖက်လျှင် ၄ ပေရှိကာ သံပေါင်ကူသံကူကွန်ကရစ် ကြိုးတံတားဖြစ်ကြောင်း သိရသည်။