စင်ကာပူအခြေစိုက် နာမည်ကျော် စားသောက်ကုန် လုပ်ငန်း ကုမ္ဗဏီတခုဖြစ်သော BreadTalk ကုမ္ဗဏီနှင့် မြန်မာနိုင်ငံမှ ရွှေတောင် ကုမ္ဗဏီတို့ ပူးပေါင်း၍ BreadTalk Bakery ဆိုင်ခွဲများ ၂၀၁၇ ခုနှစ်မှစတင်၍ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ဗဏီ ၂ ခုက ပူးတွဲ ကြေညာချက်ထုတ်ပြန်သည်။
BreadTalk ဆိုင်ခွဲများကို ရွှေတောင်ကုမ္ဗဏီ၏ လက်အောက်ခံ ကုမ္ဗဏီဖြစ်သော Myanmar Bakery ကုမ္ဗဏီက Franchise ရယူ၍ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ BreadTalk အနေဖြင့် မြန်မာ့ဈေးကွက် အတွင်း ဝင်ရောက်ရန် စိတ်အားထက်သန်နေကြောင်း BreadTalk ကုမ္ဗဏီ၏ Bakery Division မှ Chief Executive Officer ဖြစ်သူ Mr.Tan Aik Peng က ပြောသည်။
“မြန်မာနိုင်ငံရဲ့ မြင့်မားလာတဲ့ လူလတ်တန်းစားနဲ့ တိုးပွားလာတဲ့ လက်လီရောင်းချမှု Retail လုပ်ငန်းတွေက BreadTalk အတွက် အတိုင်းမသိ တိုးတက်နိုင်တဲ့ အခွင့်အလမ်းတွေဖြစ်ပါတယ်” ဟု Mr.Tan Aik Peng က ပြောသည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော BreadTalk ဆိုင်ခွဲကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်မည်ဟု အဆိုပါကုမ္ဗဏီ ၂ ခု၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
BreadTalk သည် ၂၀၀၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော စင်ကာပူ အခြေစိုက်ကုမ္ဗဏီတခုဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ထိုင်း၊ ထိုင်ဝမ်နှင့် အရှေ့အလယ်ပိုင်း နိုင်ငံများအပါအဝင် စုစုပေါင်း နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၀၀၀ နီးပါး ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော စားသောက်ကုန် လုပ်ငန်းကုမ္ဗဏီ ကြီးတခုဖြစ်သည်။