ဒီမိုကရေစီ ဖော်ဆောင်ကူးပြောင်းရာ၌ သာမန်ပြည်သူလူထု၏ အခန်းကဏ္ဍ (နိဂုံး)

ခရစ္စတီယန် ဝယ်လ်ဇယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အာဏာပိုင် အုပ်ချုပ်ရေးများ ရှင်ကျန်မှုသည် လူထုတွေကို ဖိနှိပ်ဖို့ အီလစ်တို့ ရွေးချယ်ခြင်း၊ မရွေး ချယ်ခြင်းအပေါ် ခပ်ရိုးရိုး မေးခွန်းတရပ် မဟုတ်တော့ပါ။ တဖန် အီလစ်များနှင့် လူထုတို့အတွင်း အင်အားစုများ ချိန်ခွင်လျှာက ဤကိစ္စကို သက်ရောက် ရိုက်ခတ်ပြန်ပါသေးသည်။
ထိုချိန်ခွင်လျှာ မျှခြေက အချိန်ကာလအပေါ် ပြောင်းလဲသွားစေသည်။ အနီးဆုံး ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်း ခပ်ကြီးကြီးထဲ၌ လူထုပါဝင်ရွေ့လျားမှု သက်ရောက်ချက်တို့ တွေ့ရ၏။ လူတွေကြားထဲ ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများ အေပေါ် ဂရုပြု အာရုံစိုက်မှု ကြီးထွားအားကောင်းလာခြင်းက လှုံ့ဆော်ချက်ဖြစ်သည်။ လူထုလှုပ်ရှားမှုများကို ကောင်းစွာ စုစည်းနိုင်ပြီး မှန်မှန်ကြီးမားလာသော အင်အားပြည့်လူတွေက လူထုဖြစ်လာသည်။

ထိုလူထုအတွက် ထိုလူထုကပဲ လှုံ့ဆော်စေ့ဆော်ပေးသည်။ မော်ဒန်နိုက်ဇေးရှင်း၏ အဓိကအကျိုးဆက် သက်ရောက်မှုမှာ အီလစ်တွေ ဒီမိုကရေစီကို လက်ခံလာအောင် လုပ်ဖို့မဟုတ်။ သို့သော်ငြားလည်း ဤအချက်ကပဲ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဖြစ်လာစေရေး သာမန်လူတို့၏ စွမ်းဆောင်နိုင်ရည်နှင့် ဆန္ဒပြု ဆောင်ရွက်ချက်တို့ကို တိုးပွား ကြီးမားစေပြန်ပါ၏။

ဘွိုက်ခ်စ်၏ ကောင်းစွာ ရှင်းပြထားသော သီအိုရီကျကျ မိုဒယ်က ဒီမိုကရက်တိုက်ဇေးရှင်းသည် ဝင်ငွေညီမျှမှု ရေချိန်မြင့်မားလာချိန်နှင့် အရင်းရွေ့လျားမှု ဖြစ်ပေါ်လာချိန်နှစ်ရပ် အဆက်အစပ်ကို မူတည် ပေါ်ထွန်းလာကြောင်း ပုံဖော်ပြထားသည်။ ထိုအခြေအနေများ အောက်၌ အီလစ်တို့အနေဖြင့် လူတိုင်း ဆန္ဒမဲပေးခွင့် ပြုထားခြင်း ဆိုသည်လောက်နှင့် စိတ်ချ လုံခြုံစွာ နေထိုင်နေပိုင်မှုက ဆက်စပ်နေပြန်သည်။ ဘွိုက်ခ်စ်၏ သီအိုရီပိုင်းမှာ ဆွဲအားကောင်း ညှို့အားပြင်းသည်မှန်ငြား သံသယ ဖြစ်ဖွယ်တချို့ ရှိနေသည်။ ထိုအနေအထားများဟူသည်မှာ ဒီမိုကရက်တိုက်ဇေးရှင်းကို ရံဖန်ရံခါ ကျေးဇူးပြုတတ်သည့် ကိစ္စရပ်တို့ထဲမှ အချက်တချို့သာ ဖြစ်ပါ၏။

ဖြစ်ရပ်နှင့် လက်တွေ့အခြေခံ၍ ဘွိုက်ခ်စ်က ရှင်းပြရန် အားထုတ်ထားသော်လည်း စာတပုဒ်လုံးသည် သူ့ချည်းသက်သက် ဖြစ်နေပြီး လုံလောက်ပြီ မဆိုနိုင်ပေ။ အကြောင်းအရာအားဖြင့် ပြောရပါက အရင်းရွေ့လျားနိုင်စွမ်း ဖော်ပြချက်တို့က သူ့ကျမ်းကို သက်သေပြနိုင်ဖို့ မလုံလောက်၊ သဟဇာတမဖြစ်၊ မညီညွတ်ပါ။ ခေတ်မီဖွံ့ဖြိုးရေး စံပြုအညွှန်းကိန်း တရပ်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ ဆက်စပ် အရွယ်အစားကို ထည့်သွင်းပြထား၏။ အမှန်ဆိုလျှင် မော်ဒန်နိုက်ဇေးရှင်း လုပ်ငန်းစဉ်၌ စိုက်ပျိုးရေးမှ စက်မှုသို့ ကူးပြောင်းခြင်းသည် အလွန်ဗဟိုချက်ကျ ကိစ္စဖြစ်၏။ သို့သော် စိုက်ပျိုးရေးမှ စက်မှုသို့ အကူးအပြောင်းသည် အရင်းရွေ့လျားနိုင်မှု၏ သတ်မှတ်စံညွှန်း ကိန်းတရပ် မဟုတ်သလို မော်ဒန်နိုက်ဇေးရှင်း ယေဘုယျအမြင် တရပ်အဖြစ် ဖြင့်သာ ဆက်စပ်၏။

အရင်းရွေ့လျားမှုကို တိုးမြှင့်နိုင်ရေး၌ တခြားမြောက်မြားလှသော အရာများဖြင့် ပြဆိုနိုင်ပြီး ထိုအထဲမှ ဤအချက် တချက်ကိုသာ သတ်မှတ်စံပြုပြ၍မရ၊ မဖြစ်နိုင်။ လူ့အဖွဲ့အစည်းတရပ်၏ ပျမ်းမျှ နှစ်စဉ် ကျောင်းတက်နှုန်းကိုလည်း အရင်းရွေ့လျားမှု အညွှန်းကိန်း တရပ်အဖြစ် အသုံးပြုပြထားပြန်သည်။

တဖန် ထိုအချက်ကို မော်ဒန်နိုက်ဇေးရှင်း ဗဟိုကျ စံညွှန်းကိန်းများထဲမှ တချက်ဟု ထပ်ပြောထားပါ၏။ ဖြစ်သင့်သည်က လူတွေ နိုင်ငံရေး၌ ပိုမိုထိရောက်အားကောင်း ပါဝင်လှုပ်ရှား ဆောင်ရွက်လာနိုင်ဖို့ လူထုပညာရေး ရေချိန်များ မြင့်တက်လာစေ ခြင်းအဖြစ် လူမှု-ပူးပေါင်းပါဝင် ရွေ့လျားနိုင်စွမ်းရှိခြင်း ခေါင်းစဉ်အောက်၌သာ ပြသင့်ပါ၏။

အီလစ်တို့အနေဖြင့် ဝင်ငွေပြန်လည် ခွဲဝေပျံ့နှံ့မှု၊ လူထုပညာရေးတို့ကို ကာကွယ်ဖို့ ရုန်းကန်စိတ်အမြဲ ရှိတတ်ကြခြင်းသည် လူတွေ နိုင်ငံရေး အခွင့်အရေးများအတွက် ရုန်းကြွနိုးကြားလာစေခြင်းကို ဘယ်လို သက်ရောက်စေသလဲ၊ အီလစ်တို့ ခံစားချက် စိတ်ချလုံခြုံမှု ဘယ်လိုရှိသလဲဆိုသော အညွှန်းကိန်းနှင့် ဝေးကွာနေ၏။ ဘွိုက်ခ်စ်က မော်ဒန်နိုက်ဇေးရှင်းစံပြ အညွှန်းကိန်းများကို အရင်းရွေ့လျားမှု အညွှန်းကိန်းတို့အဖြစ် ခပ်ရိုးရိုး အဖန်ဖန်တလဲလဲ တံဆိပ်ကပ်ပြထားပြန်သည်။ ဒီမိုကရေစီ ထွန်းကားရေးနှင့်အတူ ၎င်းအချက်တို့ ဆက်နွယ်နေကြောင်း ထပ်ရှင်းလင်းထား၏။

သူ၏ခွဲခြမ်းစိတ်ဖြာ သာဓကပြုချက်တို့က အီလစ်တွေအနေဖြင့် နိုင်ငံရေး အခွင့်အရေးများ အာမခံထောက်ပံ့ပေးမှု အတွင်း လုံခြုံနေကြသည် ဆိုသော အချက်အောက်မှ အနေအထားများကို ကိုယ်ပိုင်မိုဒယ်အဖြစ် ပြုပြထားသည်ထက် မော်ဒန်နိုက်ဇေးရှင်း သီအိုရီ အမြင်ပုံစံမျိုးကိုသာ ပိုအထောက်အကူ ဖြစ်စေနေကြောင်း တွေ့ရှိနိုင်၏။

အက်စီမိုဂလူးနှင့် ၎င်း၏ ပူးတွဲရေးသားသူတို့ ထပ်ချဲ့တင်ပြထားချက်ကလည်း လေသံ တသံတည်း ပေါက်နေသည်။ ၎င်း ဆရာများက ချမ်းသာသော နိုင်ငံများသည် ဆင်းရဲသည့်နိုင်ငံများထက် ဘာကြောင့် ပို၍ ဒီမိုကရက်တစ် ဖြစ်ပုံရကြောင်းနှင့် အတွင်းကျကိစ္စရပ်တို့ကို အသစ်ရှာဖွေတွေ့ရှိကြောင်း တနည်းတဖုံ တင်ပြထားကြသည်။

သမိုင်းဝင် ကိန်းဂဏန်းများ ချပြအသုံးပြုခြင်း ပုံစံဖြင့် အက်စီမိုဂလူးနှင့် ပူးတွဲရေးသားထားသူများက အချိန်ကာလကို နောက် ပြန်ဆုတ်ပြပြီး ဓနဥစ္စာမြင့်မားမှုကြောင့် ဒီမိုကရေစီ ပိုမြင့်တက်လာကြောင်း ပြဆိုကြသည်။ ၎င်းတို့ သုံးသပ်ချက်၌ လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကို ပြန်တွန်းပို့ပြီး ဝင်ငွေပြောင်းလဲမှုများနှင့် ဒီမိုကရေစီပြောင်းလဲခြင်းများကြားမှ အပြုသဘော ပူးတွဲ ဆက်နွယ်မှုတရပ်ကို ရှာဖွေဖော်ထုတ်ပြထားသည်။ ပူးတွဲဆက်နွယ်နေမှု တရပ်ဆိုသည်က သတ်မှတ်နိုင်ငံ အကျိုးသက် ရောက်မှုများအတွက် ချုပ်ကိုင်လိုက်ချိန်၌ ချည့်နဲ့ (သို့မဟုတ်) ပျောက်ကွယ်သွားပါ၏။ စီးပွားဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီအမြင့် နှစ်ရပ်လုံးသည် အားကောင်းသော မှီခိုလမ်းကြောင်းဖြစ်သည်။

လွန်ခဲ့သော ရာစု ၅ ရာစုမှ ဥရောပနှင့် ၎င်းတို့၏ ကိုလိုနီများ ဤမှီခိုလမ်းကြောင်းဖြင့် အမြင့်ပျံတက်လာခဲ့ကြသည်။ အခြား နိုင်ငံတွေကတော့ နိုင်ငံရေးဖိနှိပ်မှုများနှင့် စီးပွားကြီးထွားနှုန်း အနိမ့်လမ်းကြောင်းတရပ်ဆီ ရောက်သွားခဲ့ကြသည်ဟု ခွဲခြမ်းစိတ်ဖြာ နိဂုံးချုပ် သုံးသပ်ပြထားပါသည်။
အီလစ် အပေးအယူကိစ္စကို စာရေးသူတို့ အထူးပြု ဖော်ပြထားသော်လည်း ၎င်းတို့ တွေ့ရှိချက်များက ယဉ်ကျေးမှုခြင်းရာ ကိစ္စများသည်လည်း အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍတရပ်အဖြစ် ပေါ်လွင်နေ၏။ အမျိုးသားနိုင်ငံ သတ်မှတ် ဖော်ပြချက် သက်ရောက်မှု အကျိုးများ အရေးပါပုံကို ဖော်ပြထားရာ၌ ထိုသက်ရောက်ချက်များ၏ သဘာဝကိုတော့ အနည်းငယ်သာ ထည့်သွင်းပြထားသည်။

ထိုသက်ရောက်ချက်များ၏ အမျိုးသားနိုင်ငံ သတ်မှတ်ပြုခြင်း/ ပြုပုံနှင့် နှစ်ခွကြား ကာလဖြစ်နိုင်ခြေတို့သည် ယဉ်ကျေးမှု ဖက်တာများကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် အခြေပြုနေကြောင်း ရောဘတ်ပွတ်နမ် ဖွင့်ဆိုလှစ်ဟပြခဲ့သည့် အီတလီ တောင်ပိုင်း-မြောက်ပိုင်း ယဉ်ကျေးမှုတို့ကြား ကွဲပြားခြားနားချက် သရုပ်ခွဲပြထားသည်နှင့် အလားသဏ္ဍာန် တူနေပါ၏။ ပွတ်နမ်အနေခြင့် ရာစုများချီ၍ နောက်ပြန်ဆုတ် ရှာဖွေခွဲခြမ်း ဖော်ထုတ်ပြရန် ကြိုးပမ်းခဲ့ရသည်။

အက်စီမိုဂလူးနှင့် သူ၏ပူးတွဲရေးသားသူများ မှန်ကန်ခဲ့ကြသည်မှာ စီးပွားရေးဖွံ့ဖြိုးမှု တခုတည်းနှင့် ဒီမိုကရေစီကို ယူဆောင် မလာနိုင်၊ မဖြစ်နိုင်ကြောင်းပဲ ဖြစ်ပါ၏။ ဒီမိုကရေစီသည် ယဉ်ကျေးမှုဖက်တာများ သေသေချာချာတွဲယှက် ပေါင်းစပ်နိုင်ခြင်း ဖြင့်သာ “ဖြစ်”လာပါ၏။ သို့သော် ယင်းဖက်တာများသည် ဥရောပနိုင်ငံများနှင့် ၎င်းတို့ ကိုလိုနီပြုနယ်မြေများ၌ ရေရာသေချာ စေရန် လိုအပ်ချက်အရ တခုတည်းရှိ၊ တရပ်တည်းကျ မဟုတ်ခဲ့ကြ၊ မဟုတ်ကြပါ။ ကမ္ဘာ့စံတန်ဖိုးများ စစ်တမ်းများ (WVS) ၏ နောက်ဆုံး ထုတ်ပြန်ချက် သာဓကအရ အနီးကပ်ဆုံးနှစ်များအတွင်း ဤယဉ်ကျေးမှု ဖက်တာများ ကမ္ဘာ့ဒေသအများစုကို ဖြတ်သန်းပျံ့နှံ့လာခဲ့ကြောင်း တွေ့ရှိရသည်။

လူထုတန်ဖိုးများနှင့် ကျွမ်းကျင်မှုများသည် ဒီမိုကရက်တိုက်ဇေးရှင်းအပေါ် ကိုယ်ပိုင် အုပ်ချုပ်ရေးဆန် ဘေးထွက်နောက် ဆက်တွဲ အကျိုးတရပ် ရှိနေခြင်းဆိုသည်ကဲ့သို့ ရေးသားမှုကို ဘွိုက်ခ်စ်မိုဒယ်၊ အက်စီမိုဂလူးမိုဒယ် နှစ်ရပ်လုံးက ပြမထားပါ။ တကယ်တန်းတော့ ဤတန်ဖိုးများ၊ ကျွမ်းကျင်မှုများသည် စကားလုံးအားဖြင့် ဖော်ပြမထားသော်လည်း မပြောင်းမလဲ တည်မြဲခြင်းတို့ ဖြစ်စေရန် ချိတ်ဆက်လျက် သဘောသက်ရောက် အကျုံးဝင်နေပြီး လူထုဆန္ဒပြအုံကြွမှုကို စီးပွားရေး မညီမျှမှု မြင့်မားလာချိန်၌ ဖြစ်ပေါ်လာတတ်သည့် ကိစ္စရပ်ဟူသော ရိုးရိုးရှင်းရှင်းအမြင် ဖြစ်သည်။

ဤဖော်ပြချက်များက သမိုင်း အချက်အလက်များနှင့်တော့ ကောင်းကောင်း အံကိုက်ဖြစ်၏။ သို့သော် အနီးကပ်ဆုံး ဒီမိုကရက်တိုက်ဇေးရှင်း လှိုင်းအကြောင်း ပြည့်စုံလုံလောက်အောင် ရှင်းမပြနိုင်ပေ။ နိုင်ငံရေး စေ့ဆော်ချက်များသည် တကယ်စင်စစ် စိတ်ကူးသက်သက် မဟုတ်ဘဲ ရွေ့လျားပြောင်းလဲနေပြီး ၁၉၇၄ ကတည်းကစ၍ စက်မှုခေတ်လွန် လူ့အဖွဲ့အစည်းများ၌ လူထုဆန္ဒပြပွဲများတွင် ပူးပေါင်းလိုစိတ် နှစ်ဆကျော် မြင့်တက်လာနေကြောင်း သိသာထင်ရှား သိရှိတွေ့မြင်ရပါ၏။

၁၉၈၇ မှ ၁၉၉၅အထိ ဒီမိုကရက်တိုက်ဇေးရှင်းအတွက် လူထုဆန္ဒပြပွဲများ သမိုင်းဝင်အရေအတွက် ထွက်ပေါ်ခဲ့ကြရာတွင် ဆိုးလ်နှင့် မနီလာမှသည် မော်စကိုနှင့် ဘာလင်တို့အထိ ဖြစ်ကြောင်းတွေ့ရ၏။ ထပ်ပြောရလျှင် ဤရုန်းကြွမှုသည် စီးပွား ရေးပြန်လည်ခွဲဝေပျံ့နှံ့စေမှု အခြေခံသက်သက်တရပ်အတွက်မဟုတ်သလို နိုင်ငံရေးလွတ်လပ် လွတ်မြောက်မှုအတွက် လည်း ဖြစ်နေပြန်သည်။

ကွန်မြူနစ်နိုင်ငံဟောင်းများ၌ ဒီမိုကရက်တိုက်ဇေးရှင်းသည် စီးပွားရေး ညီမျှမှုအတွက် လူထုဖိအားများကြောင့် ပေါ်ထွန်းလာခြင်း မဟုတ်။ စီးပွားညီမျှရေးကို အင်အားအပြည့် ဂရုဓမ္မ ပြုကြပြောကြသော အီလစ် လူတန်းစားတရပ် လက်အတွင်းမှ နိုင်ငံရေးပါဝါကို ပြောင်းလဲ ရွေ့လျားစေလိုခြင်းနှင့် လူထုဆီ ပါဝါ ပိုကျယ်ကျယ်ပြန့်ပြန့် ပြန်ရောက်ရှိစေရန် အတွက် ဆိုခြင်းက ပိုများပြီး စီးပွားညီမျှရေးဖိအားက ပိုနည်းခဲ့ကြပါ၏။

ဒီမိုကရေစီသည် လူတိုင်း ဆန္ဒမဲပေးခွင့်၊ ဓနပြန်လည် ခွဲဝေပျံ့နှံ့စေမှုတို့ကို လိုချင်သော အကျိုးစီးပွား တရပ်မျှလောက်ကနေ ပေါ်ထွန်းထွက်ပေါ် ဖြစ်တည်လာခြင်း မဟုတ်ပါ။ ဆန္ဒမဲပေးခွင့် ဆိုသည်လောက်ထက် နောက်ကွယ် အဓိပ္ပာယ်များစွာ ကျယ်ဝန်းလှသော ဒီမိုကရက်တစ် လွတ်လပ်မှုများအတွက် ရုန်းကြွမှုတရပ်မှ ပေါ်ထွန်းခြင်းသာ ဖြစ်သည်။

လူသားသမိုင်းစဉ် အများစုကို ကြည့်မြင်ကြည့်ကြပါက နီးစပ်ရာနှင့် ဆွေမျိုးကောင်းစားရေးဝါဒ၊ အော်တိုကရေစီတို့သာ လွှမ်းမိုးကြီးစိုးနေခဲ့သည်။ အီလစ်တို့က လူထုကို နှိပ်ကွပ်နေနိုင်စွမ်းကြောင့် သိပ်တော့ ရိုးရိုးစင်းစင်းမရှိ၊ မဟုတ်။ မော်ဒန်ခေတ် ထိတိုင်အောင် လူထုလူအုပ်စုအနေဖြင့် အရင်းအမြစ်များနှင့် အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုများဘက်၌ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေး လျော့နည်းအားပျော့ခဲ့သည်။ တဖန် ဤ အချက်ကို ဝန်းရံကိုင်စွဲထားရေး ဆိုသည်ကလည်း ထိပ်တန်းဦးစားပေး မဟုတ်ခဲ့ပြန်ပါ။
ဒီမိုကရေစီ  ဘယ်လိုပေါ်ထွန်းလာကြောင်း နားလည်ရန်အတွက် အီလစ်တို့ကောင်းစွာ တင်းကျပ်ချုပ်နှောင်ထားနိုင်မှု အပေါ် အမြင်ရှင်းကြရန်လည်း လုံလောက်မှု မရှိခဲ့ပေ။ လူထုရေချိန်အဆင့် ဖွံ့ဖြိုးမှုများကိုလည်း လေ့လာရမည်ဖြစ်ရာ၌  ဤတချက်က မလုပ်မဖြစ် အနေအထားသို့ မြင့်မားလာနေပါ၏။

စီးပွားရေးဖွံ့ဖြိုးမှုသည် ထိရောက်အားကောင်း ဒီမိုကရေစီနှင့် ပူးတွဲနွယ်ယှက်၍ အပြုသဘော ဆက်စပ်နေသည် ဆိုသော်လည်း ဖွံ့ဖြိုးရေးသက်ရောက်မှုက ကိုယ်တိုင်ကိုယ်ပိုင်ဖော်ထုတ်မှု စံတန်ဖိုးများကို အားပေးတိုးမြှင့်ကြရန် အခြေခံ ကျကျ တိမ်းညွတ်ကြစေဖို့ လိုအပ်ချက်ရှိနေသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးဆိုသည်က စက်မှုထွန်းကားရေး ဗဟိုပြုနည်းစဉ် တရပ်ဖြစ်ပြီး လူထုပညာရေး၊ မော်ဒန်အလုပ်အကိုင်နေရာချထားခြင်းတည်ဆောက်ပုံတရပ်နှင့် လက်ရှိကာလ အဓိကလုံခြုံ ရေးရေချိန်အမြင့်များတို့ကို ဆောင်ကျဉ်းလာစေ၏။
ဤအခြင်းအရာအားလုံးက သာမန်ပြည်သူလူထုကို ဒီမိုကရေစီအပေါ် ဂရုဓမ္မစိုက်မှု တိုးမြင့်လာစေရန် ဖြည်းဖြည်းမှန်မှန် နှင့် နေရာကျလာစေပါသည်။ ရေနံတင်ပို့နိုင်ငံများကို ကြည့်လျှင် ဤအဟုန်မြင့် လမ်းကြောင်းကို မလိုက်ဘဲ ဥစ္စာဓနတွေ အများအပြား ကြွယ်ဝလာခဲ့ကြ၏။ ၎င်းနိုင်ငံတို့မှ ပြည်သူလူထု ကိုယ်တိုင်ကလည်း ဒီမိုကရေစီရှာဖွေခြင်းပေါ် စေ့ဆော်ချက် ရှိပုံ မပေါ်ကြ။ ထိုကဲ့သို့ နိုင်ငံများ ဒီမိုကရက်တစ် ဖြစ်မလာပေ။

နိုင်ငံရေးဘောဂဗေဒ ဆရာတချို့ ကောက်ချက်ချသလို ဒီမိုကရေစီကို ဆန္ဒာဓိကကျကျ အလိုချင်ဆုံးသူများ မရှိသရွေ့  ဖြစ်လာမည်မဟုတ်။ လူတွေအနေဖြင့် စီးပွားရေးနှင့် အရေးကြီးရင်းမြစ်များကို ဆက်စပ်ဆင်ခြင်သုံးသပ် ဆောင်ရွက်လာနိုင်ချိန်၊ သက်ရှင်ရပ်တည်ရုံ တန်ဖိုးများမှ ဖယ်ခွာ၍ ကိုယ်ပိုင်ကိုယ်တိုင် ဖော်ထုတ်မှု စံတန်ဖိုးများဆီ ရှေးရှု ဂရုဓမ္မပြုလာချိန် ရောက်လျှင်တော့ (လုပ်လာကြပြီဆိုလျှင်တော့) ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားအကောင်းဆုံးဖြစ်ရေး ၎င်းတို့ ကိုယ်တိုင် ရုန်းကန်တည်ဆောက် ရှေ့ဆက်လှမ်းကြွကြမည်သာ ဖြစ်၏။

ကိုယ်တိုင်ဖော်ထုတ်မှု စံတန်းဖိုးများသည် ပုဂ္ဂိုလ်အတွင်းပိုင်းကျ စိတ်ချယုံကြည်မှု၊ သဘောထား ကြီးရင့်ကျက်မှုနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုဝါဒတို့ကို ရိုက်ခတ်သက်ရောက်စေပါသည်။ အားကောင်းမောင်းသန် ထိုအချက်သည် ဒီမိုကရေစီ ထွန်းကားရေး၊ တည်တံ့သန်မာ ရှင်ကျန်ရေးအတွက် အလွန်အရေးပါသော အဆုံးအဖြတ် အခန်းကဏ္ဍတရပ် ဖြစ်ပါသည်။

ဒီမိုကရေစီကို ခပ်ကျဉ်းကျဉ်းဖြစ်စေ၊ အကျယ်တဝင့်ဖြစ်စေ ဖွင့်ဆိုနိုင်ပါ၏။ ကျနော်တို့အနေဖြင့် ရွေးကောက်ပွဲ ဒီမိုကရေစီ အနိမ့်ဆုံး ဖွင့်ဆိုချက်မျှလောက်လေးကို အသုံးပြု၊ အသုံးချကြမည်ဆိုပါက ပြည်သူလူထု ဝိသေသလက္ခဏာများသည် ဘာမျှ အရေးမပါလှတော့ပေ။ ရွေးကောက်ပွဲများ ဆိုခြင်းကသာ နေရာတိုင်း အရာတိုင်း အားလုံးအတွက် နောက်ကွယ်မှ ကြီးစိုးနေပေမည်။ သို့သော် ဒီမိုကရေစီကို ဘယ်လိုဘယ်ပုံ ဖွဲ့စည်း တည်ဆောက်ထားသည်ဆိုသော ယေဘုယျဆန် အထွေထွေ အများသုံး လက်ခံချက်သတ်မှတ်ခြင်းတို့ အချိန်ကာလတရပ်ကို ဖြတ်သန်း၍ လိုအင်ဆန္ဒ ပိုများလာနေခဲ့ပြီ ဖြစ်ပါသည်။

ပထမဆုံးကိုယ်စားပြု ဒီမိုကရေစီ ပေါ်ထွန်းခဲ့စဉ် ပိုင်ဆိုင်မှုအရည်အချင်း သတ်မှတ်ချက်များ (ဘယ်သူ ဘာကို ဘယ်လောက် ပိုင်ဆိုင်သည်၊ ပိုင်ဆိုင်ခွင့်ရှိသည်၊ ပိုင်ဆိုင်မှဟူသော အကြောင်းခံများ) နှင့် မိန်းမ၊ ကျေးကျွန်တို့ ဆန္ဒမဲပေးခွင့်၊ ဥစ္စာ စုဆောင်းခွင့် ကန့်သတ်ချက်များကို ပြန်တွေး ချင့်ချိန်နှိုင်းယှဉ် သုံးသပ်လာကြရာမှ ယနေ့တွင်တော့ ထိုဖွင့်ဆိုချက်ကို လက်ခံမည့်သူ ရှိတော့မည် မဟုတ်ကြောင်း ထင်ရှားသိမြင်နိုင်ပါသည်။

ပညာရှင်အများကလည်း ဒီမိုကရေစီအတွက် ခပ်ကျဉ်းကျဉ်း ရွေးကောက်ပွဲဆိုသည့် ခပ်သိမ်သိမ် ဖွင့်ဆိုချက်များအပေါ် ပို၍ပို၍ ဝေဖန်သုံးသပ်လာနေကြပြီ ဖြစ်သည်။ ကျနော်တို့အနေဖြင့် ဒီမိုကရက်တိုက်ဇေးရှင်းဆိုသည်ကို သာမန်နိုင်ငံသားများ လက်သို့ နိုင်ငံရေးပါဝါရွေ့စေ၊ ရောက်စေခြင်း နည်းစဉ်တရပ်ဟု ကြည့်မြင်ကြမည်ဆိုပါက ဒီမိုကရေစီကို ပို၍ ကျယ်ကျယ် ပြန့်ပြန့်ဖွင့်ဆိုရန် လိုအပ်လာကြပြီ ဖြစ်သည်။

သို့နှင့်ပင် ကျနော်တို့ ရှာဖွေတွေ့ရှိ ထုတ်ဖော်လာနိုင်ခဲ့သော အဓိပ္ပာယ် ဖွင့်ဆိုချက်တရပ် ရရှိလာခဲ့ကြ၏။ ဒီမိုကရေစီ ဖော်ဆောင်ကူးပြောင်းရာ၌ သာမန်နိုင်ငံသားတို့၏ ဦးတည် ရည်မှန်းချက်များကသာ အဓိကဗဟိုချက် အခန်းကဏ္ဍတရပ် ဟူသော ဖွင့်ဆိုချက်ပင် ဖြစ်ပါ၏။
(ခရစ္စတီယန် ဝယ်လ်ဇယ် (Christian Welzel) သည် ဂျာမနီနိုင်ငံ၊ ဘရီမင်းမြို့၊ ဂျက်ကော့ဘ်စ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်းကောက်ယူရေး အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်သည်။ ရော်နယ်အင်း ဂဲဟာ့တ် (Ronald Inglehart) သည် မီချီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ကမ္ဘာ့တန်ဖိုးစံများ စစ်တမ်း ကောက်ယူရေး ဒါရိုက်တာလည်းဖြစ်သည်။ ၂၀၀၅ ခုနှစ်ထုတ် “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု အပြောင်းအလဲနှင့် ဒီမိုကရေစီ” စာအုပ်ကို ခရစ္စတီယန်ဝယ်လ် ဇယ်နှင့် ရော်နယ် အင်ဂဲဟာ့တ်တို့ ပူးတွဲရေးသားခဲ့ပြီး တခြားထင်ရှားသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ယခု ဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives  (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။  Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading