အကျင့်ပျက်ခြစားမှု - အကြောင်းရင်းမှန်ကို ရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်း (အပိုင်း ၁)

အလီနာ မွန်ဂျူပစ်ပီဒီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင် နှစ်တွေအတွင်းမှာတော့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးက အထင်ကရ လုပ်ငန်းကြီးတခု ဖြစ်လာပါတယ်။ အဲဒီအတွက် ကမ္ဘာတဝှမ်းမှာ ငွေကြေးတွေ သုံးစွဲကြတာက တနှစ်တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက် ရှိလာပါတယ်။ ဒါပေမယ့် အဲဒီလောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတောင်မှပဲ လက်ဆုပ်လက်ကိုင် ပြစရာ အောင်မြင်မှုကျတော့ မရှိလောက်အောင် နည်းပါးနေဆဲပါ။

အကျင့်ပျက်ခြစားမှု အကြောင်းကို အရင်ကထက် ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလာကြ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အတွက် ပိုက်ဆံတွေ ပိုပြီး သုံးလာကြပေမယ့် အဲဒီလို ကြိုးစားလုပ်ဆောင်မှုကနေ အောင်မြင်မှုရနေပြီ ဆိုတာ ပြဖို့ သက်သေ အထောက်အထားကလည်း မရှိလောက် နည်းနေပါတယ်။

နိုင်ငံတွေ အမျိုးမျိုးမှာ စွဲကိုင်ကျင့်သုံးကြတဲ့ ဥပဒေတွေ၊ အင်စတီကျူးရှင်းတွေကို အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေ အဖြစ် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့ကြီး (TI) က ပြုစုတဲ့ လက်စွဲစာအုပ်ထဲမှာ ကိုးကားဖော်ပြထားပေမယ့့် သူတို့တွေရဲ့ ထိရောက်မှုကို မတိုင်းတာရသေးပါ။ ကမ္ဘာ့ဘဏ်က ထုတ်ဝေတဲ့ အသွင်ကူူးပြောင်းနေဆဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စာအုပ်ထဲမှာလည်း လက်ရှိလုပ်ဆောင်နေဆဲလုပ်ငန်းတွေကိုသာ ဖော်ပြထားပြီး အောင်မြင်မှုတွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါ။

နိုင်ငံရေး အကျင့်ပျက်ခြစားမှုက ဒီမိုကရေစီနဲ့ ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောက်ရေးကို အကြီးအကျယ် အန္တရာယ်ပြု ခြိမ်းခြောက် လာနိုင်ပါတယ်။ လူတွေ သောင်းသောင်းဖျဖျ ချီးမွမ်းကြတဲ့ ယူကရိန်း လိမ္မော်ရောင် တော်လှန်ရေး ပြီးဆုံးသွားတာ ၁ နှစ်ရှိပေမယ့် ယူကရိန်း လွှတ်တော်မှာ အမတ် ၁ နေရာကို ငွေပေးဝယ်လို့ ရနေပါသေးတယ်။ ဈေးကတော့ မသေးလှပါ။

အကျင့်ပျက်ခြစားမှု - အကြောင်းရင်းမှန်ကို ရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်း (အပိုင်း ၁)

အကျင့်ပျက်ခြစားမှု ထိန်းချုပ်ရေးအကြောင်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနေကြပေမယ့် အောင်မြင်မှုတွေ မရှိသေးတာကြောင့် မဲဆန္ဒရှင် ပြည်သူတွေအတွက် နိုင်ငံရေးစနစ်အပေါ် အဆိုးမြင်စိတ်တွေ ဝင်လာစေပါတယ်။ တည်ဆောက်ခါစ ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်တွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။

ဒီတော့ လုပ်ဆောင်မှုတွေ တော်တော်များများက ဘာကြောင့် မအောင်မြင်ကြသလဲဆိုတာ မေးခွန်းထုတ်ရပါတယ်။ လတ်တလော နှစ်တွေအတွင်း မြင်တွေ့ထားတဲ့ အောင်မြင်မှု အနည်းငယ်အပေါ်မှာ အခြေခံပြီး ပိုပြီးအောင်မြင်စေမယ့် ချည်းကပ်နည်းတွေကို တည်ဆောက်နိုင်မလား ဆိုတာကိုပါ ဆက်ပြီး မေးရပါမယ်။

ပြောချင်တာကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရယ်၊ ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေရယ်မှာ အကျင့်ပျက်ခြစားမှု အများစုက သဘော သဘာဝအားဖြင့် နိုင်ငံရေးနဲ့ ဆက်နွှယ်နေချိန်မှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေက နိုင်ငံရေးမဆန်လို့ မအောင်မြင်ကြတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဖြစ်ပေါ်တဲ့ အကျင့်ပျက်ခြစားမှုက ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ မတူကြပါ။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်ပေါ်တဲ့ အကျင့်ပျက်ခြစားမှုက ကိုယ်ကျင့်သိက္ခာကို တဦးချင်း တယောက်ချင်း ချိုးဖောက်ကြတဲ့ ဖြစ်ရပ်တွေပါ။ ဖွံ့ဖြိုးဆဲ ထွန်းပေါ်စ ဒီမိုကေရေစီ နိုင်ငံတွေမှာတော့ အကျင့်ပျက်ခြစားမှုဆိုတာ “အုပ်စုကောင်းစားရေးဝါဒ” ပါပဲ။ ဆိုလိုတာကတော့ ပြည်သူတရပ်လုံးနဲ့ ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို အားလုံးအတွက် တန်းတူညီမျှပုံစံနဲ့ ပုံမှန်ခွဲဝေ ဖြန့်ဖြူး ပေးနေခြင်းမရှိဘဲ အုပ်စုတခုခုကို ဦးစားပေးခွဲဝေတဲ့ လူမှုအဖွဲ့အစည်း သဘောဆောင်ပါတယ်။

တန်းတူညီမျှ မရှိဘူးဆိုတာက အဲဒီ လူ့အဖွဲ့အစည်းတွင်းမှာ လုပ်ပိုင်ခွင့်အာဏာကို မတော်မတရား ခွဲဝေဖြန့်ဖြူး နေတာကိုလည်း ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အကျင့်ပျက်ခြစားမှုရဲ့  အခြေခံ အကြောင်းတရားတွေက အာဏာခွဲဝေမှု ကိုယ်တိုင်မှာ အမြစ်တွယ်နေတာကြောင့် “အုပ်စုကောင်းစားရေးဝါဒ” က ထုံးစံလိုဖြစ်နေတဲ့ နိုင်ငံတွေမှာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေက အကျင့်ပျက်ခြစားမှုရဲ့ တကယ့် အခြေခံအကြောင်းရင်းကို မတို့မထိရဲ ဖြစ်နေကြပါတယ်။

မတို့မထိရဲ ဖြစ်နေတဲ့အပြင် တိုက်ဖျက်ရေး မဟာဗျူဟာတွေကို ခေါင်းပုံဖြတ် အမြတ်ထုတ်သူတွေနဲ့ ပူးပေါင်းပြီး ကျင့်သုံး အကောင်အထည် ဖော်နေကြရပါတယ်။ အဆိုပါ ခေါင်းပုံဖြတ် အမြတ်ထုတ်သူတွေက အစိုးရကို ထိန်းချုပ်ထားပြီး တချို့ ဖြစ်ရပ်တွေမှာဆိုရင် အဲဒီလိုသူတွေ ကိုယ်တိုင်က အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတွေကို ဦးဆောင်ထိန်း ချုပ်ထားပါသေးတယ်။

ရိုးမေးနီးယားနိိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုှုပ်ရှားမှုတခုကို ကျမ ဦးဆောင်ပြီး အောင်အောင်မြင်မြင် အကောင်အထည် ဖော်ထားပါတယ်။ အဲဒီလို လူတယောက် (ဒါ့အပြင် မအောင်မြင်တဲ့ လှုပ်ရှားမှုတွေကို သုတေသနပြု ထားသူ) ရဲ့  အတွေ့အကြုံတွေကို အခြေခံ ပြောရရင်တော့ “အုပ်စုကောင်းစားရေးဝါဒ” ကို တိုက်ဖျက်မယ့် တော်လှန်ရေးကို ဆင်နွှဲနိုင်မှ ရွေးကောက်ပွဲ တော်လှန်ရေး ဆင်နွှဲထားတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ တည်တံ့ခိုင်မြဲနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

အဲဒီလိုမျိုး တော်လှန်ရေးတရပ်ကို မဆင်နွဲှနိုင်ဘူး ဆိုရင်တော့ “အုပ်စုကောင်းစားရေးဝါဒ” ကြီးစိုးအားကောင်းနေတဲ့ နိုင်ငံတွေမှာ အကျင့်ပျက်ခြစားမှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်မယ်တော့ မဟုတ်ပါ။

အုပ်စုကောင်းစားရေးဝါဒ လက်ဟောင်းနဲ့ အကျင့်ပျက်ခြစားမှု လက်သစ်

အကျင့်ပျက်ခြစားမှုဆိုတာ “အများပြည်သူနဲ့ သက်ဆိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ လာဘ်လာဘကြောင့်၊ ဦးစားပေး မျက်နှာလုပ်လိုမှုကြောင့် ကိုယ်ကျင့်သိက္ခာကို ဖျက်ဆီးခံရခြင်း သို့မဟုတ် ပျက်ယွင်းခြင်း” လို့ အောက်စ်ဖို့ဒ် အင်္ဂလိပ်အဘိဓာန်မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

နိုင်ငံတော်ဆိုတာ အားလုံး တပြေးညီ အယူအဆပေါ်မှာ အခြေခံ လည်ပတ်ရမှာ ဖြစ်တယ်လို့ အောက်စ်ဖို့ဒ် အဓိပ္ပာယ် ဖွင့်ဆိုမှုက ယူဆထားပါတယ်။ အများပြည်သူနဲ့ ဆိုင်တဲ့ ကိုယ်ကျင့်သိက္ခာဆိုတာ နိုင်ငံသားတွေကို တန်းတူညီမျှ ဆက်ဆံခြင်းလို့လည်း ယူဆထားပါတယ်။ တဦးတယောက်ကို ဦးစားပေး ဆက်ဆံလိုက်ရင် တန်းတူညီမျှဆိုတဲ့ သဘောတရားလည်း ပျက်စီးသွားနိုင်ပါတယ်။

သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ပုဂ္ဂလိက နယ်ပယ်နဲ့ အများပြည်သူ နယ်ပယ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းတွေဆိုတာ မျက်မှောက်ခေတ် အထိကို ရှားရှားပါးပါးပါပဲ။ အစိုးရတရပ်ရဲ့ ရည်မှန်းချက်ဆိုတာ နိုင်ငံသားတွေကို တန်းတူညီမျှ အခွင့်အရေးပေးပြီး လူမှုဘဝဖူလုံအောင် လုပ်ဆောင်ပေးဖို့လို့ ခံယူထားတဲ့ လူ့အဖွဲ့အစည်းတွေ ဆိုတာလည်း ရှားပါးပါတယ်။ ဒါကြောင့်မို့ အကျင့်ပျက်ခြစားမှု ဆိုတာကို နိုင်ငံတခု ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်ဆင့်နဲ့ ချိန်ထိုးကြည့်မှသာ နားလည်နိုင်ပါလိမ့်မယ်။

ခေါင်းဆောင် တိုက်ရိုက်ချုပ်ကိုင် နိုင်ငံတွေ ဒါမှမဟုတ် အကြွင်းမဲ့အာဏာ တည်ဆောက်ထားတဲ့ နိုင်ငံတွေမှာတော့ အားလုံး တပြေးညီ အယူအဆကို မကျင့်သုံးတာကြောင့် အဲဒီလိုနိုင်ငံတွေနဲ့ ဆက်စပ်ပြီး အကျင့်ပျက်ခြစားမှုကို ဆွေးနွေးတာကလည်း အဓိပ္ပာယ်မရှိပါ။ အနောက်ဥရောပ နိုင်ငံတွေကို ခေတ်မီတိုးတက်အောင် တည်ဆောက်ပြီး နောက်မှသာ ဥရောပတိုက်ရဲ့ အကျင့်ပျက် ခြစားမှုတွေကို အဓိပ္ပာယ်ရှိရှိ စတင်ဆွေးနွေးလာနိုင်ပါတယ်။

ဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှု၊ အများပြည်သူ ကဏ္ဍတွေမှာ အလုပ်အကိုင်တွေကို ဖန်တီးပေးနိုင်မှုဆိုတဲ့ ဝန်ဆောင်မှုတွေကို အများပြည်သူတွေ အတွက် တရားမျှတစွာ ဖန်တီးပေးခြင်း နှုန်းစံအတိုင်း အခြေခံပြီး အစိုးရတွေကို ဖွွဲ့စည်းပြီးနောက်မှသာ အကျင့်ပျက်ခြစားမှုတွေကို အဓိပ္ပာယ်ရှိရှိ စတင်ဆွေးနွေးလာနိုင်ပါတယ်။

ခေတ်မီအောင် တည်ဆောက်ခြင်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်ခြင်းနဲ့အတူ အကျင့်ပျက်ခြစားမှုတွေ ပိုမိုဖြစ်ပေါ်လာတဲ့ အကြောင်းကို လေ့လာတဲ့ ပညာရှင်တွေက ခေတ်မီအောင် တည်ဆောက်ခြင်း ဖြစ်စဉ်ထဲမှာသာ အဖြေကို ရှာတတ်ကြ ပါတယ်။

သူတို့ လွဲချော်နေတာက နိုင်ငံတွေ ခေတ်မီမလာခင်မှာ အများပြည်သူ တရပ်လုံးအတွက် ဝန်ဆောင်မှုတွေကို နိုင်ငံတော်က တန်းတူူညီမျှ အခြေခံမူနဲ့ ခွဲဝေပေးမနေခဲ့ဘူး ဆိုတာပါပဲ။ အစိုးရရုံးဌာနတွေဆိုတာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မတရားသဖြင့် ငွေရှာရမယ့်နေရာ မဟုတ်ဘူးဆိုတာကို ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတွေအဖြစ်ကို ရောက်လာတော့မှပဲ သဘောပေါက်လာကြတယ်လို့ မာ့ခ်စ်ဗေဗာ ပြောသလိုပါပဲ။

အလယ်ခေတ်မှာတုန်းက တချို့ဝန်ဆောင်မှုတွေကို ပေးပြီး ပုံမှန်ဝင်ငွေရှာကြတာပါ။ အဲဒီလို သဘောပေါက်ပြီး ပြောင်းလဲ သွားတာက ခေတ်သစ်ရုံးဌာနတွေရဲ့ သစ္စာခံမှုအပေါ် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေပါတယ်။ ခေတ်သစ် ရုံးဌာနတွေက ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွေကို မထူထောင်တော့ဘဲ လုပ်ငန်းလည်ပတ်ရေး သက်သက်ကိုသာ ဦးစားပေးပြီး လူပုဂ္ဂိုလ် အခြေမခံတဲ့ ဆက်ဆံရေးမျိုးကိုသာ ထူထောင်ပါတော့တယ်။

မြေရှင်ပဒေသရာဇ်နဲ့ ခေါင်းဆောင် တဦးတည်း ချုပ်ကိုင်စနစ်အောက်က လက်အောက်ငယ်သားတွေ၊ တပည့်သာဝကတွေ ကတော့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတွေကို ထူထောင်ခဲ့ကြပါတယ်။

အပေါ်က ပြောခဲ့သလို မဖြစ်တဲ့ နေရာတွေမှာတော့ အုပ်စုကောင်းစားရေး ဝါဒအပေါ်မှာ အခြေခံထားတဲ့ ပြည်သူပိုင်နဲ့ ဝါစဉ် အလိုက် စီစဉ်ထားတဲ့ လူ့အဖွဲ့အစည်းတွေကို တွေ့ရပါတယ်။ ဒါက အားလုံးအတွက် တန်းတူညီမျှ အယူအဆနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ လူတယောက်က ဘယ်အုပ်စုမှာပဲ ပါနေပါစေ၊ တယောက်ချင်းစီကို တန်းတူညီမျှ ဆက်ဆံတဲ့ လူ့အဖွဲ့အစည်းရဲ့ နှုန်းစံတွေ လုပ်ထုံးလုပ်နည်းတွေနဲ့ ဆန့်ကျင်ပါတယ်။

အားလုံးအတွက် တန်းတူညီမျှ လူ့အဖွဲ့အစည်းမှာတော့ နိုင်ငံတော်ရဲ့ တန်းတူညီမျှ ဆက်ဆံမှုကို နိုင်ငံသားတွေက မျှော်လင့်နိုင်ပါတယ်။ “အုပ်စုကောင်းစားရေးဝါဒ” ကျင့်သုံးတဲ့ အခါမှာတော့ လူ့အဖွဲ့အစည်းမှာ ရယူထားနိုင်တဲ့ အနေအထားနဲ့ ရပ်တည်ချက် အပေါ်မူတည်ပြီး နိုင်ငံတော်က ခွဲခြားဆက်ဆံနေမှာ ဖြစ်တာကြောင့် နိုင်ငံတော်ကနေ တရားမျှမျှတတ ဆက်ဆံလာမှာကို မျှော်လင့်မထားနိုင်ပါ။

လူ့အဖွဲ့အစည်းအတွင်း အနေအထားချင်း တူသူတွေကိုသာ တန်းတူညီမျှ ဆက်ဆံမယ်လို့ မျှော်လင့်နိုင်ပါလိမ့်မယ်။ “အုပ်စုကောင်းစားရေးဝါဒ” ကြီးစိုးမှုကို ခံရတဲ့ အုပ်စုခွဲခြား လူ့အဖွဲ့အစည်းတွေကို တရားဥပဒေနဲ့ အုပ်ချုပ်တာမဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း အုပ်ချုပ်သော လူ့အဖွဲ့အစည်းလို့ မာ့ခ်စ်ဗေဗာက အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

အဲဒီ လူ့အဖွ့ဲအစည်းတွေမှာ စိုးမိုးအုပ်ချုပ်ထားနိုင်တဲ့ လုပ်ပိုင်ခွင့် အာဏာတွေနဲ့ ဝင်ငွေရနိုင်တဲ့ အရင်းအမြစ်တွေကို တချို့ အုပ်စုတွေက လက်ဝါးကြီး အုပ်ထားတယ်လို့လည်း ဆိုပါတယ်။ အာဏာချုပ်ကိုင် အုပ်စုတွေ ဒါမှမဟုတ် ကွန်ရက်တွေနဲ့ လူတဦးချင်း တယောက်ချင်းကြား အကွာအဝေးကို ထင်ဟပ်ဖော်ပြနေတာကြောင့် အခွင့်ထူးခံအုပ်စု ဆိုတာကို အာဏာ ဖြန့်ကျက်ထားမှု သဘောတရားနဲ့ စဉ်းစားရင် အကောင်းဆုံး နားလည်နိုင်ပါတယ်။

ဆိုလိုတာကတော့ အာဏာပင်ရင်းတခု (သြဇာတိကမ္မ ကြီးမားတဲ့ ခေါင်းဆောင်တယောက် ဒါမှမဟုတ် အခွင့်ထူးခံ အုပ်စု တခု) နဲ့ လူတယောက်က နီးကပ်သွားလေ လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမြင့်မားတဲ့ အနေအထားတခုကို အဲဒီလူက ပိုင်ဆိုင်သွားနိုင်လေဖြစ်ပြီး သြဇာလွှမ်းမိုးနိုင်လေပါပဲ။ အဲဒီလို အထူးအခွင့်အရေး ရနေသူတွေက ဇာတ်မြင့်အုပ်စုတွေ၊ အလွှာတွေ ကွန်ရက်တွေလိုမျိုး လူ့အဖွဲ့အစည်းအတွင်း ထူးကဲအနေအထားကို အခြေခံဖွဲ့ထားတဲ့ အုပ်စုတွေနဲ့ ဆက်နွှယ်နေပြီး အများ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေကို သူများထက်ပို လက်လှမ်းမီ အသုံးပြုနိုင်ပါတယ်။

“အုပ်စုကောင်းစားရေးဝါဒ” အပေါ် အခြေခံ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းတွေမှာ အခွင့်ထူးခံ ယဉ်ကျေးမှု ထွန်းကားနေတတ်ပြီး ခွဲခြားဆက်ဆံတာကို သာမန် ထုံးတမ်းစဉ်လာလို လက်ခံထားတတ်ပါတယ်။ လူတယောက်ချင်း စီကလည်း ကစားပွဲ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲရမယ့်အစား အခွင့်ထူးခံအုပ်စုထဲမှာ ပါနိုင်အောင်ပဲ ကြိုးစားပါတော့တယ်။

တရားမျှတမှုနဲ့ ဘက်မလိုက်မှုဆိုတဲ့ နှုန်းစံတန်ဖိုးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ကြပါတယ်။ သြဇာလွှမ်းမိုးမှု (ပိုက်ဆံမဟုတ်) ကပဲ အဓိက လည်ပတ်သုံးစွဲစရာ ငွေကြေးစနစ်ဖြစ်လာပြီး အဲဒီဖြစ်စဉ်ထဲက တနေရာရာမှာ ရှိနေသူ တယောက် ရယူခံစားနိုင်တဲ့ အကျိုးအမြတ်တွေက တိုင်းတာဖို့လည်း ခက်ပါတယ်။ သီးသန့် စည်းမျဉ်းစည်းကမ်းတွေ ရှိနေတဲ့ ဓလေ့ထုံးစံအရ ဖလှယ်လုပ်ကိုင်နေကြတဲ့ စနစ်ကြီးရဲ့ အစိတ်အပိုင်းအဖြစ် အထူးဦးစားပေး ဆက်ဆံမှုတွေကို ပေးချင်လည်း ပေးနိုင်သလို ငြင်းပယ်ချင်လည်း ငြင်းပယ်နိုင်ပါတယ်။

အဲဒီလိုပေးတာ ဒါမှမဟုတ် ငြင်းပယ်တာက “လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ထားသူ” ရဲ့ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်တောင် ပါချင်မှ ပါတာပါ။ တံစိုးလက်ဆောင် ပေးတယ်ဆိုတာက တရားမျှတမှုမရှိတဲ့ စနစ်ကို ကျော်လွှားနိုင်စေဖို့ အသုံးပြုရတဲ့ နည်းလမ်း တခုပါပဲ။ လူ့အဖွဲ့အစည်းမှာ အနေအထား နိမ့်ပါးနေသူတွေက တန်းတူညီမျှ ဆက်ဆံခံရဖို့အတွက် အရာရှိတယောက်ကို လာဘ်ထိုးရခြင်းက တခုတည်းသော နည်းလမ်း ဖြစ်နေနိုင်ပါတယ်။

တကယ်တော့ အပြင်လောကမှာ လူ့အဖွဲ့အစည်းတွေက “အုပ်စုကောင်းစားရေးဝါဒ” လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ “အားလုံးအတွက် တပြေးညီဝါဒ” လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းလို့ ပြတ်ပြတ်သားသား ကွဲပြားနေတာမဟုတ်ဘဲ ကြားအခြေ အနေတမျိုးမျိုးမှာ ကျရောက်နေတဲ့ လူ့အဖွဲ့အစည်းတွေလည်း ရှိနေနိုင်ပါသေးတယ်။

ဆက်လက်ဖော်ပြပါမည်

(အလီနာ မွန်ဂျူပစ်ပီဒီ (Alina Mungiu-Pippidi) သည် ရိုမေးနီးယားနိုင်ငံ၊ ဘူခါရက်စ်မြို့ရှိ Romanian Academic Society အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။ Freedom House နှင့် United Nations Development Programme တို့တွင် အတိုင်ပင်ခံ ပညာရှင်လည်း ဖြစ်သည်။ Coalition for a Clean Parliament ၏ ခေါင်းဆောင်လည်း ဖြစ်ပြီး ၎င်းအဖွဲ့သည် ၂၀၀၄ ရိုမေးနီးယား ရွေးကောက်ပွဲများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ ယခု စာတမ်းကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုခြင်း ဖြစ်သည်။ Educational Initiatives (www. eduinitiatives.org) အဖွဲ့သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading